နေပြည်တော် ဧပြီ ၁၁

 

မြင်းခြံဗဟိုအကျဉ်းထောင်တွင် အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား နိုင်ဝင်းထွန်းကို ထောင်ဦးစီးမှူးနှင့် ထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ပြီး ၅ ရက်အကြာတွင် သေဆုံးသွားကြောင်း Khit Thit အမည်ခံ Facebook Page တွင် မဟုတ်မမှန် သတင်းများ ဖော်ပြထားသည်ကို တွေ့ရသည်။

 

မြင်းခြံဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိဘဲ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိပြီး အကျဉ်းသား နိုင်ဝင်းထွန်း (ခ) ဖားပြုတ် (ဘ)ဦးစန်းမောင်သည် အများပြည်သူ၏ လုံခြုံရေး၊ အသက်အိုးအိမ် စည်းစိမ်တို့ကို ပြင်းထန်စွာ ထိခိုက်စေမှု၊ အများပြည်သူ ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်ခဲ့သဖြင့် အကြမ်းဖက်ပုဒ်မ-၅၀(က) ဖြင့် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ချမှတ်ခံရသူ ဖြစ်သည်။

 

ဖြစ်စဉ်အား စိစစ်ရာ မတ် ၁၂ ရက်တွင် မြင်းခြံဗဟိုအကျဉ်းထောင်၌ အကျဉ်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ဝန်ထမ်းများမှ အကျဉ်းသားများအား ရိုက်နှက်ခြင်းမရှိဘဲ အကျဉ်သားများ ပြစ်မှုကျူးလွန်ပါက အကျဉ်းထောင်လက်စွဲ ဥပဒေပါအတိုင်း လျှော့ရက်ဖြတ်တောက်ခြင်း၊ တိုက်ပိတ်ပြစ်ဒဏ် အပါအဝင် တာဝန်ခံအရာရှိ၏ ခွင့်ပြုမိန့်ဖြင့်သာ အပြစ်ပေးလျက်ရှိကြောင်း သိရသည်။

 

အကျဉ်းသား နိုင်ဝင်းထွန်း (ခ) ဖားပြုတ်သည် အကျဉ်းထောင်ပြင်ပ၌ကပင် လေးဘက်နာကဲ့သို့ အဆစ်အမြစ်များ ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ်ဖောခြင်း၊ အဆုတ်ပွခြင်းများရှိကြောင်း၊ အကျဉ်းထောင်ဆေးခန်းတွင် ဆရာဝန်များက အနီးကပ်ကြီးကြပ်မှုဖြင့် ကုသပေးခဲ့ပြီး ချောင်းဆိုးစဉ် သွေးပါလာခြင်း၊ အသက်ရှုမဝခြင်း၊ မောကြပ်ခြင်းများ ရှိသဖြင့် မတ် ၁၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ အကျဉ်းထောင်အစီအစဉ်ဖြင့် ပို့ဆောင်ဆေးဝါးကုသခဲ့သော်လည်း မတ် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင်  ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း မြင်းခြံဗဟိုအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် သေဆုံးအကျဉ်းသား နိုင်ဝင်းထွန်း (ခ) ဖားပြုတ်၏ ရုပ်အလောင်းအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး၌ ရင်ခွဲစစ်ဆေးချက် ဆေးမှတ်တမ်းအရ သေဆုံးသည့် ရောဂါမှာ နှလုံးသွေးအားနည်းခြင်းကြောင့် သွေးလည်ပတ်မှု မမှန်သဖြင့် အဆုတ်သွေးကြောများအတွင်း သွေးအရည်များစုနှောင်ခြင်းကြောင့် သေဆုံးခြင်းသာဖြစ်ပြီး ပယောဂတစ်ခုခုကြောင့် သေဆုံးခြင်းမဟုတ်သဖြင့် Khit Thit အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံဖန်တီးရေးသား ဖော်ပြထားခြင်းသာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

 

အေးပြည့်