ရန်ကုန် ဧပြီ ၁၁
ထိုင်းသို့ စေလွှတ်နေသည့် MOU လုပ်သား ၁၅၀ ကို ဧပြီ ၂၉ ရက်မှ စတင်ကာ လေကြောင်းခရီးဖြင့် ကနဦးစေလွှတ်ရန်စီစဉ်ထားကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ စတင်စေလွှတ်ပြီး နောက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စေလွှတ်မှုပိုမိုများလာနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုသည်။
"လောလောဆယ်တော့ ၁၅၀လောက်ပဲ(စာရင်း) ဆွဲထားသေးတယ်။ လေယာဉ်တစ်စီးပေါ့နော်။ နောက်ပိုင်းမှာတော့ များလာနိုင်ပါတယ်။ နေ့စဉ်စေလွှတ်ရဖို့များပါတယ်။ ဘာကြောင့်လဲဆိုတော့ လေကြောင်းလိုင်းနဲ့လည်း ညှိနှိုင်းနေတာ နှစ်နဲ့ချီကြာနေပြီ။ ဧပြီ ၂၉ ရက်နေ့ကနေစပြီး ဆွဲမယ်။ အခုမှ အောင်မြင်သွားတာပါ။ "ဟု ၎င်းက ပြောသည်။
ကုန်ကျစရိတ်အနေဖြင့် ကုန်းလမ်းနှင့်နှိုင်းယှဉ်လျှင် လေကြောင်းလမ်းဖြင့် သွားရောက်မည်ဆိုပါက ခရီးစရိတ် အနည်းငယ် ပိုမိုကုန်ကျနိုင်ကြောင်းလည်း သိရသည်။
"ကုန်ကျစရိတ်အနေနဲ့ ကုန်းလမ်းနှင့်နှိုင်းယှဉ်ရင် လေကြောင်းလမ်းနဲ့ သွားရောက်မယ်ဆိုရင် ခရီးစရိတ်အနည်းငယ် ပိုမိုကုန်ကျနိုင်ပါတယ်။ ပုံမှန်ပဲလေ။ ဒါပေမဲ့ တစ်ခုရှိတာက အရင်က ကားလမ်းခရီးက ဈေးသိပ်မကြီးပေမဲ့ အခုနောက်ပိုင်း ကုန်းလမ်း ကုန်ကျစားရိတ်က ပိုလာနိုင်တယ်"ဟု ၎င်းက ဆိုသည်။
ထိုသို့ ကမ္ဘောဒီးယားနိုင်ငံ နှင့် လာအိုနိုင်ငံတို့မှလည်း မြန်မာနိုင်ငံနည်းတူ နယ်စပ်ဖြတ်ကျော်ကာ အလုပ်သမား စေလွှတ်နေသော်လည်း အထက်ပါ နိုင်ငံအနေဖြင့် နယ်နိမိတ် ကျဉ်းသည့်အတွက် လမ်းခရီးလွယ်ကူကာ မြန်မာနိုင်ငံအနေဖြင့် နယ်မြေ ဧရိယာကျယ်သောကြောင့် ယခုကဲ့သို့ လေကြောင်းခရီးဖြင့် စေလွှတ်ပါက ခရီးစဉ်ကြာချိန် တိုတောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
MT