ရန်ကုန် ဧပြီ ၁၁

ရန်ကုန် - မော်လမြိုင် အစုန်၊ အဆန် ရထား နှစ်စင်း ပြေးဆွဲခြင်းကို ယာယီ ရပ်နားထားပြီး လက်မှတ်ခ ငွေများကို ပြန်အမ်းပေးနေကြောင်း မော်လမြိုင် ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လက်ချက်ကြောင့် အမှတ် ၆၈၆အစုန် ကျောက်ရထားသည် သိမ်ဆိပ် ဘူတာနှင့် ဒုံးဝန်းဘူတာကြားတွင် မိုင်းထိကာ လမ်းပိုင်းပိတ်ဆို့မှု ဖြစ်ပြီးနောက် တာဝန်ရှိသူများက လမ်းအမြန်ဆုံး ပွင့်စေရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ထိုကြောင့် ဧပြီ ၁၁ရက် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ်၈၂အစုန် မော်လမြိုင်-ရန်ကုန်ရထားနှင့် သင်္ကြန်အစုန်အထူး မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်နှင့် ရန်ကုန်ဘူတာကြီးမှထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားနှင့် သင်္ကြန်အဆန်အထူး ရန်ကုန်-မော်လမြိုင်ရထား ခရီးစဉ်များအား ယာယီဖျက်သိမ်းမည်ဖြစ်ကြောင်း အဆိုပါ ဘူတာကြီးမှ သိရသည်။
ဧပြီ  ၁၁ ရက်အတွက် ဝယ်ယူထားသော အထက်တန်း/ရိုးရိုးတန်း လက်မှတ် ခငွေများအား မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် နံနက် (၀၆း၀၀) နာရီမှစ၍ နံနက်ပိုင်း (၁၀:၀၀) နာရီထိ ပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

" ခရီးစဉ်ဖျက်သိမ်းတဲ့ လက်မှတ်ခငွေတွေကိုဒီနေ့ဖျက်သိမ်းရင် ဒီနေ့ပြန်အမ်းတယ်။ မနက်ဖြန် ဖျက်သိမ်းတယ်ဆိုရင် မနက်ဖြန်ပြန်အမ်းတယ်။ ဘယ်နေ့အထိ ဖျက်သိမ်းမယ်ဆိုတဲ့ ရက်အတိအကျတော့မရှိဘူး။ ရထားလမ်းပြင်ပြီး  ပြန်ကောင်းသွားရင် ပြန်ကောင်းသွားတဲ့နေ့ ထွက်ပါမယ်" ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပိတ်ဆိုနေသောလမ်းပိုင်းအား မြန်မာ့မီးရထားတာဝန်ရှိသူများမှ လမ်းပိုင်းအမြန်ဆုံးပြန်လည် ဖွင့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရထားပြန်လည်ပြေးဆွဲနိုင်မည့် ရက်အား အချိန်နှင့်တပြေးညီ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေငြာထားသည်။

MT