နေပြည်တော် ဧပြီ ၁၁
မြေဩဇာကော်မတီ ၏ (၄၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် မြေဩဇာကော်မတီအဖွဲ့ဝင်များ ၊ မြေဩဇာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် မြေဩဇာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး က ဓာတ်မြေဩဇာ တင်သွင်းရောင်းချခြင်း ၊ ထုတ်လုပ်ဖြန့်ဖြူးခြင်း စသည့် လုပ်ငန်းများကို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ လုပ်ငန်းရှင်များအနေ ဖြင့်လည်း ဓါတ်မြေဩဇာတင်သွင်း ရောင်းချခြင်း တစ်ခုတည်းကိုသာဆောင်ရွက်ခြင်း မဟုတ်ပဲ မိမိနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ စီးပွားဘက် တောင်သူလယ်သမားများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် သွင်းအားစုများ၏ အရည်အသွေးပြည့်ဝမှန်ကန်ရေးနှင့် အသိပညာပေးရေးကို အလေးထားဆောင်ရွက် ပေးကြစေလိုကြောင်း၊ မြေဩဇာ ပိုးသတ်ဆေး မျိုးစေ့ စသည့် သွင်းအားစုဆိုင်ရာ အသင်းအဖွဲ့ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့တောင်သူများနှင့် အချိတ်အဆက်မိမိ စဉ်ဆက်မပြတ် ထိတွေ့ပြီး တောင်သူလယ်သမား အကျိုးစီးပွား ဖြစ်ထွန်းစေရေး ညှိနှိုင်းပေါင်းစပ်ကူညီမှုပေးရန် လိုအပ်ကြောင်း၊ အလားတူ နိုင်ငံ့စီးပွား မြှင့်တင်ရေး စီမံကိန်းနှင့် ဆီထွက် အထူးဇုန်များ ၊ ဝါသီးနှံအထူးဇုန်များတွင်လည်း မိမိတို့ စွမ်းအားရှိသမျှ ဝိုင်းဝန်းကြိုးပမ်း ပေးကြစေလိုကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူလယ်သမားများကြား ကွက်လပ် မရှိကြစေရေးကို အထူးဂရုစိုက်ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ပြည်ပမှ တင်သွင်းရသော စိုက်ပျိုးရေး ဓါတုဆေးဝါးများကို မှီခိုကာ စိုက်ပျိုးထုတ်လုပ်နေကြရသော အခြေအနေမှ ကင်းလွတ်အောင်ကြိုးစားရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြေဩဇာကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေး ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တင်ပြရာ မြေဩဇာကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊ မြေဩဇာ ကျွမ်းကျင်ပညာရှင်များက အကြောင်းအရာတစ်ခုချင်းအပေါ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
မြေဩဇာကော်မတီအနေဖြင့် မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့် မှတ်ပုံတင်ပေးခြင်း လုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိရာ အကြိမ်(၄၀)မြောက် မြေဩဇာကော်မတီအစည်းအဝေး ပြီးမြောက်ချိန်အထိ မြေဩဇာမှတ်ပုံတင် လက်မှတ်ပေါင်း(၁၁၁၂၉)စောင် ခွင့်ပြုပေးနိုင်ခဲ့ပြီး ကာယကံရှင်၏ တင်ပြချက်အရ မြေဩဇာမှတ်ပုံတင်(၁၈၃၃)စောင် ပယ်ဖျက်ခဲ့ကြောင်း၊ အလားတူ သက်တမ်းကျော်လွန်သည့် မြေဩဇာမှတ်ပုံတင်(၂၆၈၉)စောင် ကို ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖျက်သိမ်းခဲ့ပြီးဖြစ်၍ ယနေ့အထိ မြေဩဇာမှတ်ပုံတင် (၆၆၀၇) စောင် ခွင့်ပြုလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါး၊ မိုးနှင့်ဆောင်း ဆီထွက်သီးနှံတွေအတွက် လိုအပ်သော ဓာတ်မြေဩဇာများအား တောင်သူများထံ မဖြန့်ဖြူးမီ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ၊မရှိ မြေဩဇာနမူနာရယူ၍ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ ဓာတ်ခွဲခန်းများတွင် စစ်ဆေးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ရာသီချိန်မီ ဆောင်ရွက်နိုင်ရန် တောင်သူများ လိုအပ်သည့် ဓာတ်မြေဩဇာများ တင်သွင်းနိုင်စေရန် ကြိုတင်ခွင့်ပြုမိန့် ထုတ်ပေးထားသည့် ကိစ္စရပ်များအား ယနေ့အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်