နေပြည်တော် ဧပြီ ၁၁
နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းအကြီး အမှူးများကို ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းတက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်(Certificate of Legal Advocacy-CLA) ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းအပါအဝင် နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအောင်မြင်ပြီးဆုံးအောင် တက်ရောက်ခဲ့သည့် သင်တန်းသား စုစုပေါင်း (၁၂၄) ဦး အထိ ရှိပြီဖြစ်ပါကြောင်း။
သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ဦးစီးဌာနများ၏အကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်း ဘာသာရပ်၊ ဥပဒေမူကြမ်း စိစစ်ရေးဆွဲခြင်းဘာသာရပ်၊ အထွေထွေဥပဒေ အကြံပေးရေးဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့်အထူးဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်နှင့် တရားမဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များသည် သင်တန်းသားများအတွက် လက်တွေ့အသုံးဝင်သည့် ဘာသာရပ်များဖြစ်ပါကြောင်း။
ပို့ချပေးသည့် ဆရာများကလည်း ဥပဒေရေးရာနယ်ပယ်တွင် အတွေ့အကြုံအကြား အမြင်ပြည့်ဝသူများဖြစ်ကြသည့်အပြင် သက်ဆိုင်ရာဘာသာရပ်များတွင်လည်း ကျွမ်းကျင် ပိုင်နိုင်ကြသည့် ဆရာများဖြစ်ပါကြောင်း၊ ပို့ချသည့်ဆရာများမှာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့် ဦးကျော်ဆန်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးတင်ဟုန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နှင့်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့မှဒုတိယရဲမှူးကြီး မြင့်စိုး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဥပဒေရေးဆွဲရေး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်ဦးကျော်စိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေရေးရာကိစ္စရပ်များတွင် လက်တွေ့ဆောင်ရွက်နေကြသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြစ်ပါကြောင်း။
ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေအသိပညာများစွာရရှိကြောင်း၊ ယခုသင်တန်း၏အခြေအနေ၊ အချက်အလက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌထံသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ပြီး ဥပဒေရေးရာဝန်ကြီးဌာနတွင်လည်း မှတ်တမ်းများ ထိန်းသိမ်းထားရှိမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများသည် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏ လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် မိမိဝန်ကြီးဌာန အကျိုး၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းပြီးမြောက်အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၆) ဦးကို ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဦး နှင့် ဦးကျော်ဆန်း၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်နှင့် ကျွမ်းကျင်သူအဖြစ်ဆောင်ရွက်နေသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်