နေပြည်တော် ဧပြီ ၁၁

အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်တွင် တုံ့ပြန်မှုများ လျှင်မြန်စွာပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးပထမရက်အား ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ကော်မတီဝင်မြန်မာ့တပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားဘက်မှ ရုရှားတပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich နှင့် ကော်မတီဝင်ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရုရှားတပ်မတော်ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ပြီး မကြာမီကကျရောက်ခဲ့သည့် မြန်မာ့တပ်မတော်၏(၇၉)နှစ်မြောက် တပ်မတော်နေ့နှင့် မကြာမီကျရောက်မည့် နှစ်သစ်ကူးသင်္ကြန်အခါသမယအတွက် ဂုဏ်ပြုစကားနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလျက်ရှိပါကြောင်းနှင့် နည်းလမ်းမျိုးစုံဖြင့် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း နှစ်နိုင်ငံပူးပေါင်း၍ လျင်မြန်စွာတုံ့ပြန်တိုက်ဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အကြမ်းဖက်တိုက်ဖျက်မှုဆိုင်ရာနည်းလမ်းအား အသေးစိတ်ဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစိတ်ဓာတ်ဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ထပ်လောင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရုရှားတပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich က မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်