နေပြည်တော် ဧပြီ ၁၂
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ကိုယ်စားလှယ်ကိုးဦး၊ ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၁၄ ဦး၊ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၁၂ ဦး၊ ဟိန္ဒူဘာသာရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ် လေးဦး စုစုပေါင်း ဘာသာ ပေါင်းစုံ ကိုယ်စားလှယ် ၃၉ ဦးတို့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့ နေ့လယ်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။
ရှင်းလင်းဖြေကြား
ဦးစွာ အဆိုပါ ဘာသာပေါင်းစုံ ကိုယ်စားလှယ် အဖွဲ့အား မော်ကွန်းတိုက်၌ မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွား တော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု၊ ကျောက်စာရုံ စေတီတော်များတည်ထားဆောင်ရွက်ခဲ့မှု၊ သာသနာရေး ဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့မှု အခြေအနေများနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှုများကို ဗီဒီယို မှတ်တမ်းဖြင့် ရှင်းလင်းပြသသည်။
ယင်းနောက် မော်ကွန်းတိုက် အတွင်း ခင်းကျင်းပြသထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပခဲ့သည့် မဟာမင်္ဂလာ အခမ်းအနား များတွင် အသုံးပြုခဲ့သည့်ပစ္စည်းများ၊ ဘုရား ရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတု တော်ကြီး တည်ဆောက်ထားသော ဆင်းတုတော်ကြီး ပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုးလက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုလေ့လာ ကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင် ခဲ့မှုအခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား သွား ရောက် ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ တိုက်များအတွင်း၌ လေ့လာ ကြည့်ရှုကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း မြန်မာမှုဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထား ပူဇော်ထားရှိသည့် အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးအား သွားရောက်လေ့လာကြည့်ရှုကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဘုရား ကြီးဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
လေ့လာကြည်ညို
ယင်းနောက် ဘာသာပေါင်းစုံကိုယ်စားလှယ်များသည် ကျောက် စာရုံစေတီတော်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အအုံများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုခဲ့ကြသည်။
အလားတူ မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်