မိုင်းယောင်း ဧပြီ ၁၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု ခိုကဲကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

မိုင်းယောင်းခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် မြို့မိမြို့ဖ ဦးစိုင်းအောင်ခမ်းတို့က အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် ၁၃၈၅ ခုနှစ်၊ မိုင်းယောင်းခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ယိမ်းအဖွဲ့များနှင့် ယိမ်းသမီးပျိုလေးတို့က Aungkham Music အဖွဲ့နှင့်တွဲဖက်၍ “မြူမှောင်ဝေကင်း” သင်္ကြန်အဖွင့်သီချင်းနှင့်အတူ သင်္ကြန်ယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေခဲ့သည်။

 

မိုင်းယောင်းခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ သင်္ကြန်အကြိုနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များက ရေကစားသူများအား မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းတို့ဖြင့် စတုဒိသာကျွေးမွေးခဲ့ကြောင်း သိရသည်။

 

ဝေဝေခိုင်