နေပြည်တော် ဧပြီ ၁၇
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကုန်ဆုံး၍ ၁၃၈၆ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် နေ့ထူးနေ့မြတ် အချိန်အခါသမယ ဖြစ်သည့်အတွက် နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ကာလအတွင်း အတာရေဖြင့် ဆေးကြောသန့်စင်ပြီး စိတ်၏အညစ်အကြေးများကို ကုသိုလ် ဒါနပြုခြင်းဖြင့် ဆေးကြောသန့်စင်၍ နှစ်သစ်ကို မင်္ဂလာရှိစွာဖြင့် အစပြုလေ့ရှိရာ ယနေ့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ ဥပုသ် သီလဆောက်တည်ခြင်း၊ သက်ကြီး ဘိုးဘွားများကို တစ်ကိုယ်ရေ သန့်ရှင်းမှုများ ပြုလုပ်ပေးခြင်း၊ ကန်တော့ခြင်း၊ ဇီဝိတဒါန ဘေးမဲ့ လွှတ်ခြင်းနှင့် စတုဒိသာကျွေးမွေး လှူဒါန်းကြခြင်း စသည့် ကုသိုလ် ကောင်းမှုတို့ဖြင့် နှစ်သစ်ကိုအစပြုကြသည်။
နေပြည်တော် ကောင်စီနယ်မြေတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော်၊ မဟာသကျရံသီရုပ်ရှင် တော်မြတ်ကြီး၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား၊ ဘုရားကိုးဆူ စေတီ၊ လောကမာရဇိန်စေတီ၊ ရန်အောင်မြင် ရွှေလက်လှဘုရား၊ သတ္တသတ္တာဟ သံဝေဇနိယလေးဌာန၊ ဖောင်တော်ချက်မစေတီ စသည့် ဘုရားစေတီများတွင် ဥပုသ်သီလ ခံယူဆောက်တည်ကြ သူများ၊ စတုဒိသာ ကျွေးမွေး လှူဒါန်းကြသူများဖြင့် စည်ကား လျက်ရှိပြီး ဇီဝိတဒါနအဖြစ် ငါးနှင့် ငှက်များကို ဘေးမဲ့လွှတ်ကြခြင်းဖြင့် နှစ်သစ်ကုသိုလ်အလှူများကို တစ်ဦးတစ်ယောက်ချင်းအလိုက်၊ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အစဉ်အလာမပျက် ပြုလုပ်ကြသည်။
အလားတူ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ ရပ်ကွက်များ၊ ဝန်ထမ်း အိမ်ရာများ၊ ဓမ္မာရုံများတွင်လည်း ဆရာတော်၊ သံဃာတော်များ ပင့်ဖိတ်၍ ပရိတ်တရားတော်များနှင့် အနန္တရာယိကကမ္မဝါစာများ နာကြားကြကာ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အမျှပေးဝေခဲ့ကြပြီး နှစ်သစ်ကို ကုသိုလ် ကောင်းမှုများဖြင့် စတင်ခဲ့ကြသည်။
ထို့အတူ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် နှစ်သစ် မင်္ဂလာအခါတော်နေ့ အန္တရာယ် ကင်းပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရွှေတိဂုံဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော် မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရွှေတိဂုံစေတီ တော် နှစ်သစ်မင်္ဂလာအခါတော် နေ့ အန္တရာယ်ကင်း ပရိတ်တရား တော်နာယူခြင်းနှင့် ရေစက်ချပွဲ အခမ်းအနားကို စေတီတော် ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ဝင် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ကဉ္စနထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များက နဝင်္ဂသီလခံယူဆောက်တည် ကြသည်။
ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ နှစ်သစ် မင်္ဂလာအန္တရာယ်ကင်း ပရိတ် တရားတော်များ နာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဇီဝိတဒါန ကုသိုလ်ပြု
ထို့နောက် ဇီဝိတဒါန ဘေးမဲ့ သက်လွှတ်ပွဲ အခမ်းအနားကို ရွှေတိဂုံစေတီတော် မြောက်ဘက် အောက်ပစ္စယာ သိင်္ဂုတ္တရဥယျာဉ် တော်အတွင်းရှိ ရှင်ဥပဂုတ္တမင်္ဂလာ ကန်တော်တွင် ကျင်းပရာ အခမ်း အနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများက တက်ရောက်ကြပြီး ကန်တော်အတွင်းသို့ ရောင်စုံငါးမြစ်ချင်း ငါးကောင် ရေ ၁၀၀၀ ဘေးမဲ့သက်လွှတ်၍ နှစ်သစ်အခါသမယ ဇီဝိတဒါန ကုသိုလ်ပြု ဆောင်ရွက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ သည် ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းရှိ ကန်တော်ကြီး ဥယျာဉ်တွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပ သည့် ဇီဝိတဒါန ငါး၊ ငှက်လွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရွှေဝါရောင်ငါးမြစ်ချင်း အကောင် ရေ နှစ်သိန်း၊ စာကလေး ငှက်ကောင်ရေ ၁၀၀၀၊ ချိုးငှက် ကောင်ရေ ၃၆ ကောင်တို့အား ဘေးမဲ့သက်လွှတ်၍ နှစ်သစ် အခါသမယ ဇီဝိတဒါနကုသိုလ်ပြုဆောင်ရွက်ကြသည်။
စတုဒိသာများ ကျွေးမွေး
ထို့အတူ မဟာဝိဇယစေတီ တော်မြတ်ကြီး၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ ဆူလေး စေတီတော်၊ ဝရဒါဋ္ဌာ ဓာတုစေတိယ စွယ်တော် စေတီတော်(ရန်ကုန်)၊ ရွှေဘုန်းပွင့် စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရားတို့၌ မြန်မာ နှစ်ဆန်းတစ်ရက်၌ နှစ်သစ်မင်္ဂလာ အခမ်းအနားများကို ယနေ့နံနက် ပိုင်းတွင် ကျင်းပကြပြီး ဘုရားဖူး လာပြည်သူများအား အလှူရှင် များက စတုဒိသာများ ကျွေးမွေး လှူဒါန်းကြသည်။
အလားတူ ယနေ့ကျရောက်သော နှစ်သစ်ကူးပြောင်းသည့် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာ ပြည်သူများ၊ မြို့နယ်၊ ရပ်ကွက် များ၌ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းကြသူများ၊ သီတင်းသီလဆောက်တည်ကြသူများနှင့် ဇီဝိတဒါနဘေးမဲ့ လွှတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
စည်ကားလျက်ရှိ
ယနေ့နံနက် အရုဏ်တက်မှစ၍ မဟာမုနိရုပ်ပွားတော်မြတ်အား မျက်နှာသစ်တော် ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး မန္တလေး ဒေသခံပြည်သူများနှင့် အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများက ရွှေသင်္ကန်းကပ်လှူ ခြင်း၊ ပန်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ရုပ်ပွားတော် မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ငါးကန်တွင် ဇီဝိတဒါနငါးလွှတ်ခြင်း၊ အစာကျွေးခြင်းစသည့် ကောင်းမှုအစုစုတို့ကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာမပျက် ထိန်းသိမ်းစောင့်ရှောက်လျက် ကုသိုလ်ကောင်းမှု ပြုကြသူများ ဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် အောင်တော်မူမြတ်စွာ ဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဘုရားနီဘုရား၊ စွယ်တော်မြတ်စေတီ၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီး ဘုရား၊ ကျောက်စိမ်းစေတီတော် စသည့် ဘုရားတို့တွင်လည်း ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိရာ စေတနာရှင် အလှူရှင်များကလည်း စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ ကြသည်။
ညနေပိုင်းတွင် မန္တလေးမြို့ အတွင်းရှိ ရပ်ကွက်များ၊ လမ်းများ၊ ဓမ္မာရုံများ၌ ဆရာတော်၊ သံဃာ တော်များပင့်ဖိတ်၍ အန္တရာယ် ကင်း ပရိတ်တရားတော်များ၊ ကမ္မဝါစာများ နာကြားကြကာ နှစ်သစ်တွင် မကောင်းမှုကင်းစင်၍ ကောင်းမှုမင်္ဂလာများ တိုးပွားစေ ရန် ကုသိုလ်ပွားများကြကာ မြန်မာ့နှစ်ဆန်းတစ်ရက် နှစ်သစ် မင်္ဂလာ အခါသမယနေ့တွင် မန္တလေးမြို့တော် တစ်ခွင်လုံး၌ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့သည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာတို့၏ နှစ်သစ်ကူးအချိန် အခါသမယဖြစ်သည်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ ကုသိုလ်ကောင်း မှုပြုသူများ၊ အလှူအတန်းပြုလုပ် ကြသူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်