၂၇ ဖေဖော်ဝါရီ
ပါကစ္စတန်ပိုင် ကတ်ရှ်မီးယားဝေဟင်မှာ ပျံသန်းလာတဲ့ အိန္ဒိယနိုင်ငံပိုင် စစ်လေယာဉ် (Indian Air Force) နှစ်စင်းကို ပစ်ချခဲ့ကြောင်းနဲ့ အိန္ဒိယ လေယာဉ်မှူးတစ်ဦးကိုပါ ဖမ်းဆီးထားနိုင်ကြောင်း ပါကစ္စတန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဘက်ကို ပါကစ္စတန်နိုင်ငံက တိုက်ခိုက်ရေးယာဉ်တွေက ရောက်ရှိလာတဲ့အတွက် အိန္ဒိယနိုင်ငံဘက်ကနေ နောက်ဆုတ်သွားအောင် Indian Air Force တွေက လုပ်ဆောင်ခြင်းသာဖြစ်တဲ့အတွက် နှစ်နိုင်ငံနယ်စပ်ကို နည်းနည်းလေးကျော်မိသွားတာသာဖြစ်တယ်လို့ အိန္ဒိယထိန်းချုပ်တဲ့ ကတ်ရှ်မီးယားပိုင်းက ထိပ်တန်းအရာရှိတစ်ဦးက AFPကိုပြောပါတယ်။

Press Trust of India (PTI) သတင်းဌာနရဲ့ သတင်းတင်ပြချက်အရ ပါကစ္စတန်လေယာဉ်တွေက အိန္ဒိယပိုင် ကတ်ရှ်မီးယားပြည်နယ်ရှိ ပူးချ်၊ နိုရှီယာ ဒေသတွေကို ဖြတ်ကျော်လာကြောင်း၊ ပြန်အဆုတ်မှာ ဗုံးချခဲ့ကြောင်း၊ ပျက်စီးအသေအပျောက်စာရင်းကို ချက်ချင်းမသိနိုင်သေးကြောင်း သိရပါတယ်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ထုတ်ပြန်ချက်မှာ နယ်စပ်ထိန်းချုပ်ရေးမျဉ်းမှာ ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း၊ စစ်တပ်နဲ့ မသက်ဆိုင်တဲ့ ပစ်မှတ်ကိုသာ အဓိကထား ပစ်ခဲ့ကြောင်း၊ စစ်မီးကို ပိုမို တောက်လောင်ဖို့ မရည်ရွယ်ကြောင်း ရေးသားထားပါတယ်။

အိန္ဒိယနိုင်ငံကို ဂျေအာရှီးမိုဟာမတ် (JeM) စစ်သွေးကြွတွေက အသေခံတိုက်ခိုက်မှုများ လုပ်လာနိုင်တယ်လို့ သတင်းရတဲ့အတွက် ပါကစ္စတန်ဘက်မှာ အခြေစိုက်တဲ့ JeM စစ်သွေးကြွစခန်းကို အိန္ဒိယနိုင်ငံက မနေ့ ဝင်ရောက် တိုက်ခိုက်ပြီးနောက် နျူကလီးယားပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် တို့ကြား တင်းမာမှုတွေ မြင့်မားလာပါတယ်။
ကတ်ရှ်မီးယားကို ပိုင်ဆိုင်ရေးအတွက် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြားက ပထမဆုံးစစ်ပွဲ ကို လွတ်လပ်ရေးရပြီး နှစ်လအကြာ အောက်တိုဘာ ၁၉၄၇ မှာဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်ကနေ စပြီး အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာ ကတ်ရှ်မီးယား အရေးနဲ့ပတ်သတ်ပြီး တိုက်ခိုက်မှုတွေမကြာခဏဖြစ်ပွားနေပါတယ်။
MDN
ကိုးကား - AFP
