မေ ၃

ရဝမ်ဒါနိုင်ငံတွင် လွန်ခဲ့သောနှစ်လအတွင်း မိုးကြိုးပစ်မှု၊ မြေပြိုမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ၄၉ ဦးထက်မနည်းသေဆုံးပြီး အခြား ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။ မိုးကြိုးပစ်မှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ပျက်စီးယိုယွင်းနေသောနေအိမ်များပြိုကျမှုကြောင့် အခြားသူများသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ အစိုးရအဖွဲ့က နိုင်ငံတစ်ဝန်းရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာဒေသများမှ ဒေသခံ ၅၀၀၀ ခန့်အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။ အဆိုပါဘေးအန္တရာယ်များကြောင့် စိုက်ပျိုးမြေများ၊ လမ်းများ၊ စာသင်ကျောင်းများ၊ တံတားများ၊ နေအိမ်များအပါအဝင် အခြေခံအဆောက်အအုံများလည်း ပျက်စီးသွားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြားတွင် မေလ ပထမဆယ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသအေဂျင်စီက သတိပေးပြောကြားထားသည်။ လွန်ခဲ့သောနှစ်မေလက နိုင်ငံအနောက်ပိုင်းနှင့်မြောက်ပိုင်းတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် ၁၃၅ ဦး သေဆုံးခဲ့သည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို