ရန်ကုန် ၂၇  ဖေဖော်ဝါရီ 

 


ရန်ကုန်မြို့၌ ကျင်းပမည့် ဝမ်းချန်ပီယံရှစ်၏ ONE : REIGN of VALOR ပြိုင်ပွဲကြီးတွင် တွဲဆိုင်း ၁၁ ဆိုင်း ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါတွဲဆိုင်းပြိုင်ပွဲကြီး၌ အဓိကတွဲဆိုင်တွင် ဝမ်းဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားသော ဆွီဒင်နိုင်ငံသား Zebaztian Kadestam သည် ကာဇတ်စတန်နိုင်ငံ ကစားသမား Georgiy Kichigin နှင့် ယှဉ်ပြိုင်ရန် ၎င်း၏ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ်အဖြစ် ကာကွယ်သွားမည်ဖြစ်သည်။ ၂၀၁၈ နိုဝင်ဘာက kadestam သည် ရှုံးပွဲမရှိသေးသော အမေရိကန်ကစားသမား Tyler Mcguire ကို ပဉ္စမအချီ၌ အလဲထိုးကာ ဝမ်းဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံနေရာကို ရယူနိုင်ခဲ့သည်။ 

 


ကာဇတ်စတန်နိုင်ငံသား Kichigin သည် ကျွမ်းကျင်သော နပမ်းကစားသမားတစ်ဦးဖြစ်ကာ Fight Nights ကမ္ဘာ့ချန်ပီယံတစ်ဦးလည်း ဖြစ်သည်။ သူသည် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပွဲစဉ်မှတ်တမ်း (၂၀-၅) ကို ရရှိထားကာ ပွဲစဉ် ၁၆ ပွဲကို ချုပ်ကွက်များဖြင့် အနိုင်ရရှိထားပြီး ယခုဝယ်သာဝိတ်တန်း ချန်ပီယံခါးပတ်တွင် Kadestam ကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ 

 


မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့် ကစားသမားဖိုးသော်သည် အင်ဒိုနီးရှား ဝါရင့်ကစားသမား Yohan Mulia Legowo နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ဖိုးသော်သည် ပထမဆုံးယှဉ်ပြိုင်ခဲ့သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ ၆ ပွဲလုံးကို အနိုင်ရရှိထားကာ ထိုပြိုင်ပွဲများမှ ၅ ပွဲသည်ပထမချီတွင် အနိုင်ရရှိမှုများရှိခဲ့သည်။ ၂၀၁၈ အောက်တိုဘာတွင် ကစားသမားသက်တမ်း တစ်လျှောက်တွင် ပထမဆုံးအရှုံးကို တွေ့ကြုံခဲ့ရပြီး ယခုသူနှင့်ယှဉ်ပြိုင်မည့် အင်ဒိုနီးရှားနိုင်ငံမှ ဝါရင့်ကစားသမား Legowo ကို အနိုင်ရယူရန် ကြိုးစားရမည်ဖြစ်သည်။ 

 


မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသား လေးထပ်ကွမ်း နပမ်းချန်ပီယံ တီရဲလ်ထန်က ၎င်း၏ ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပွဲဦးထွက်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ခမာလက်ဝှေ့ကစားသမား Rin Saroth နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 


Rin Saroth သည် ခမာလက်ဝှေ့ပွဲစဉ်ပေါင်း (၁၁၀-၂၂) ရရှိထားသော KWC 3 ဖယ်သာဝိတ် ပြိုင်ပွဲကြီး၏ ချန်ပီယံပြိုင်ပွဲဝင်ဟောင်းတစ်ဦး ဖြစ်သည်။ ပြည်ပနိုင်ငံ ပြိုင်ပွဲများဖြစ်သည့် ကင်မရွန်းနိုင်ငံသား Alain Ngalans နှင့် အီတလီနိုင်ငံသား Mauro Cerilli ၊ ၇၀.၃ ကီလိုတန်း လက်ဝှေ့အိတ်ပါ ပြိုင်ပွဲများတွင် Kenta Yamada (ဂျပန်) နှင့် Petchmorrakot Petchyindee Academg (ထိုင်း)၊ Liam  Nolan (အင်္ဂလန်) နှင့် Enriko Kehl (ဂျာမန်)၊ ၅၂. ကီလိုတန်း ပြိုင်ပွဲများတွင် Lin Heqin (တရုတ်) နှင့် Jomay Torres (ဖိလစ်ပိုင်)၊ Bizena Antoniyar (မြန်မာ) နှင့် Audreylaura Bonniface (မလေးရှား) ၆၁ ကီလိုတန်း လက်ဝှေ့အိတ်ပါ ပြိုင်ပွဲများတွင် Yuta Watanabe (ဂျပန်) နှင့် Rui Boteiho (ပေါ်တူဂီ)၊ Kohei Kodera (ဂျပန်) နှင့် Kenny Tse (တရုတ်) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါဝမ်းချန်ပီယံရှစ် ပြိုင်ပွဲကို ရန်ကုန်မြို့၊ သင်္ကန်ကျွန်းမြို့နယ်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ မတ် ၈ ရက် ညနေတွင် ကျင်းပမည်ဖြစ်ပြီး ဝင်ကြေးအဖြစ် ငွေကျပ်နှစ်သိန်း၊ ငါးသောင်း၊ နှစ်သောင်းငါးထောင်၊ တစ်သောင်း သတ်မှတ်ထားကြောင်း သိရသည်။

 


အေကေလင်း