နေပြည်တော်၊ မေ ၅
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ မေ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် အရစ်ပါ သံချောင်း (၅၈၅) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၉,၉၄၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

အလားတူ မေ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ် စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ် Prestige ပဲပုပ်စေ့အမှုန့် ကီလိုဂရမ် (၂၅၀၀၀)၊ ကိုရီးယားနိုင်ငံထုတ် Sun Cream နေရောင်ခံလိမ်းဆေး ဘူး (၆၀၀၀) အပါအဝင် ကုန်ပစ္စည်း ရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၅၀၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး၊ Hino Profia Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၅,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မေ ၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့နယ်၌ တရားမဝင် အခြားသစ် (၅ ဒသမ ၆၁၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၃,၅၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မေ ၃ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေညောင်-ရပ်စောက်လမ်း၊ ရေပူရွာအနီး၌ လားရှိုးမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ခေါက်ဆွဲခြောက်ထုပ် (၇၅၆) ထုပ်၊ အသားတုပြား (အစပ်) အထုပ် (၁၉၈၀၀)၊ ကြက်အူချောင်း (၉၆၁၀) ထုပ် အပါအဝင် ကုန်ပစ္စည်း (၁၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၆၄၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၂,၆၄၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် မေ ၃ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်တို့၌ တရားမဝင်ကျွန်းသစ် (၂ ဒသမ ၉၆၁) တန်နှင့် အခြားသစ် (၄ ဒသမ ၅၁၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၇၄,၂၂၉) ကို သစ်တောဥပဒေအရ လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာရှိ ဥယျာဉ်ဘုန်းကြီး ကျောင်းတိုက်အတွင်း၌ လိုင်စင်မဲ့ Nissan Fairlady မော်တော်ယာဉ်တစ်စီး၊ Toyota Alphard မော်တော်ယာဉ်တစ်စီး၊ Toyota Hybird မော်တော်ယာဉ်တစ်စီးနှင့် Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄,၀၇၄,၂၂၉) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မေ ၃ ရက်တွင် ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ သထုံမြို့မှပဲခူးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင်စားအုန်းဆီ နှစ်လီတာပါဘူး (၁၀၂၀) အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၈၁၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ မေ ၄ ရက်တွင် ပဲခူးခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၇၃၉)တန်နှင့် သစ်မာ(၁ ဒသမ ၆၂၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၅၇,၈၀၈) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၅၆၇,၈၀၈)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၁,၅၅၅,၄၈၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်