ပြင်ဦးလွင် ၂၇ ဖေဖော်ဝါရီ

 


ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံ ဆိုက်ဘာစီးတီးမှ ကျောင်းသား မောင်ထက်လင်းသန့်အား ရိုက်နှက်၍ ဆိုင်ကယ်လုယူသွားသူ တရားခံများကို ယနေ့နေ့လယ်က ပြင်ဦးလွင်ခရိုင်တရားရုံး၌ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ  ၆ ရက်က နေသူအောင် (ခ) မှုံကြီး၊ ကုဋေစိုး (ခ) ငစိုး၊ ကျော်သင်း (ခ) စူးရှနှင့် ကျော်မင်းနိုင် (ခ) ငမိုးတို့သည် ပြင်ပဆိုင်တစ်ဆိုင်မှ ကျောင်းသို့အပြန်လာသည့် ရတနာပုံ ဆိုက်ဘာစီးတီးကျောင်းသား  မောင်ထက်လင်းသန့်နှင့် မဇူးဇူးဟန်တို့အား လူသူပြတ်သောနေရာ၌ ရိုက်နှက်၍ ဆိုင်ကယ်ကို လုယူသွားကြရာ ကျောင်းသားဖြစ်သူ မောင်ထက်လင်းသန့် သေဆုံးသွားခဲ့သဖြင့် မဇူးဇူးဟန်က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့သော အမှုဖြစ်သည်။

 


အဆိုပါအမှုကို ဇန်နဝါရီ  (၇) ရက်မှ စတင်စစ်ဆေးခဲ့ပြီး စုစုပေါင်း (၅၂) ရက် အချိန်ကြာမြင့်ကာ ရုံးချိန်းပေါင်း (၁၀)ကြိမ်ကို တရားလိုပြသက်သေ (၂၃) ဦးထဲမှ (၉)ဦးအား ပယ်ကာ နောက်တိုးသက်သေ (၁)ဦးဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

 


အမှုမှ အဓိက တရားခံ နေသူအောင် (ခ) မှုံကြီးအား ပုဒ်မ ၃၉၆ အရ မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန်နှင့် ပုဒ်မ ၃၉၇ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ကုဋစိုး (ခ) ငစိုးအား ပုဒ်မ ၃၉၇ အရ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်၊ ကျော်သင်း (ခ) စူးရှအား ပုဒ်မ ၃၉၇ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေပြီး ထွက်ပြေးတိမ်းရှောင်နေသူ ကျော်မင်းနိုင် (ခ) ငမိုးအား ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

 


သက်နိုင်(ပြင်ဦးလွင်)