နေပြည်တော် ၂၇ ဖေဖော်ဝါရီ
မင်းဘူးမြို့ရှိ “လှသီရိ” ရုပ်ရှင်ရုံကို လတ်တလော အခြေအနေတွင် အဆင့်မြင့်ရုပ်ရှင်ရုံအသစ် တစ်ရုံအဖြစ် တည်ဆောက်ပေးနိုင်ခြင်း မရှိသေးဘဲ ဝယ်ယူသူ ဒေါ်ခင်ဥမ္မာကျော်အနေဖြင့် ယင်းရုပ်ရှင်ရုံကို Digital အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်သာ ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်၊ ဦးသြဘာသလမ်းမပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံဖြစ်သော လှသီရိရုပ်ရှင်ရုံ အဟောင်းအား ဖျက်သိမ်းပြီး အဆင့်မြင့်ရုပ်ရှင်ရုံ အသစ်တစ်ခု တည်ဆောက်ပေးနိုင်ခြင်း ရှိ /မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ‘လှသီရိ’ ရုပ်ရှင်ရုံကို ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေးအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ၁၉၆၉ ခုနှစ် ဇူလိုင် ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂၈)ဖြင့် ပြည်သူပိုင်သိမ်းယူပြီး နိုင်ငံပိုင်ရုပ်ရှင်ရုံအဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ထို့နောက် အဆိုပါရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ ၂၀ဝ၂ ခုနှစ် ဇူလိုင် ၂၆ ရက်စွဲပါ အမိန့်အမှတ် (၁၀/၂၀ဝ၂) အရ ပုဂ္ဂလိက လုပ်ငန်းရှင် ဒေါ်ခင်ဥမ္မာကျော်သို့ ငွေကျပ် (၅ ဒသမ ဝ၅) သန်းဖြင့် အပြီးအပိုင် ရောင်းချခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံကို လွှဲပြောင်းရောင်းချခြင်း သဘောတူစာချုပ်တွင် ပါရှိသည့် စည်းကမ်းသတ်မှတ်ချက်များအရ ဝယ်ယူသူအနေဖြင့် မူလရုပ်ရှင် ပြသခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ပြီး ရုပ်ရှင်ရုံအဟောင်းကိုလည်း ရုပ်ရှင်ပြသနိုင်သည့် အဆောက်အဦအဖြစ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
၂၀၁၀ ခုနှစ် ဧပြီ ၅ ရက်တွင် ယင်းရုပ်ရှင်ရုံ အဆောက်အဦ၏ အနောက်ဖက်ခြမ်း အလျား (၁၄၇)ပေ၊ အမြင့် (၂၀ပေ) ခန့်မှာ ပြိုကျခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံ အဆောက်အဦသည် ဧရာဝတီမြစ်နှင့် ကိုက် (၃၀ဝ-၄၀ဝ)ခန့်သာ ကွာဝေးခြင်းကြောင့် နှစ်စဉ်မြစ်ရေတက်မှုနှင့် သက်တမ်းကြာမြင့်မှုတို့ကြောင့် ဆွေးမြေ့နေပြီ ဖြစ်သည့်အတွက် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ရုံးအမိန်အမှတ်၊ (၁၅/၂၀၁၀)ဖြင့် အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ခဲ့ ပါကြောင်း၊ ယင်းအမိန့်စာ ထုတ်ပြန်ချက်အရ ယခင်ရုပ်ရှင်ပြသမှု စနစ်ဟောင်း (Analogue)စနစ်ဖြင့် ရုပ်ရှင်ပြသခြင်းကို ရပ်ဆိုင်းခဲ့ပါကြောင်း။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က အပြီးအပိုင်ရောင်းချခဲ့သည့် နိုင်ငံပိုင်ရုပ်ရှင်ရုံများအနက် မူလရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင်ရုံများကို Digital စနစ်သို့ ပြောင်းလဲပြီး စာချုပ်ပါ ကတိကဝတ်များအတိုင်း ရုပ်ရှင်ပြသမှုလုပ်ငန်း ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန၏ ယခင် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနက ရုပ်ရှင်ရုံဝယ်ယူသူများ အားလုံးကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပါကြောင်း။
ထို့နောက် ရှေ့လုပ်ငန်းစဉ်ဖြစ်သည့် Digital စနစ်ဖြင့် ပြသသည့် ရုပ်ရှင်ရုံအဖြစ် ပြောင်းလဲတည်ဆောက်နိုင်မည့် အဆိုပြုချက်ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၃ ရက်မှစ၍ (၁)လအတွင်း တင်ပြရန်နှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ လုပ်ငန်း စတင်ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရုပ်ရှင်ရုံ ဝယ်ယူသူ အားလုံးကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်စွဲပါစာဖြင့် ထပ်မံအကြောင်းကြားခဲ့ပါကြောင်း၊ “လှသီရိ” ရုပ်ရှင်ရုံ ဝယ်ယူသူ ကိုလည်း မူလလုပ်ငန်းဖြစ်သည့် ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို Digital စနစ်ဖြင့် ပြောင်းလဲပြီး ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားခဲ့ပါကြောင်း။
ယင်းရုပ်ရှင်ရုံဝယ်ယူသူက ရုပ်ရှင်ရုံ ပြန်လည်ပြုပြင် တည်ဆောက်ရန်နှင့် အဆင့်မြင့် Digital ရုပ်ရှင် ပြသမှုစနစ် တပ်ဆင်ရန် ငွေကြေးအခက်အခဲကြောင့် အကျိုးတူလုပ်ကိုင်မည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများသို့ ဆက်သွယ်နေပါကြောင်း ၂၀၁၅ ခုနှစ် သြဂုတ် ၂၀ ရက်စွဲပါစာဖြင့် ပြန်လည်တင်ပြခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံ၏ မူလလုပ်ငန်း ဖြစ်သည့် ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုကို ပြန်လည်တင်ပြရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပိုင်ရှင်ထံ ၂၀၁၈ ခုနှစ် ဧပြီ ၃ ရက်စွဲပါစာဖြင့် ထပ်မံအကြောင်းကြားခဲ့ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၄၈/၂၀၁၈ အရ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ယူ စီမံခန့်ခွဲလျက်ရှိသည့် နိုင်ငံပိုင် ရုပ်ရှင်ရုံ (၂၇)ရုံနှင့် ပုဂ္ဂလိကသို့ အပြီးအပိုင် ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများအနက် ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင်ရုံ(၉၄) ရုံ၊ စုစုပေါင်း ရုပ်ရှင်ရုံ (၁၂၁) ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သည့် အထောက်အထား၊ စာရွက်စာတမ်းများကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးအပ်လျက် ရှိပါကြောင်း၊ မင်းဘူးမြို့ရှိ “လှသီရိ” ရုပ်ရှင်ရုံ အပါအဝင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံ (၉)ရုံကိုလည်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် အပြီးအပိုင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မင်းဘူးမြို့ရှိ “လှသီရိ” ရုပ်ရှင်ရုံကို လတ်တလော အခြေအနေတွင် အဆင့်မြင့်ရုပ်ရှင်ရုံအသစ် တစ်ရုံအဖြစ် တည်ဆောက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ဝယ်ယူသူ ဒေါ်ခင်ဥမ္မာကျော်အနေဖြင့် ယင်းရုပ်ရှင်ရုံကို Digital အဆင့်မြင့် ရုပ်ရှင်ရုံအဖြစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်သာ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
MDN