နေပြည်တော်၊ မေ ၆
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၄ ရက် နံနက် ၈ နာရီခွဲတွင် လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၉)၊ စစ်တောင်းလမ်းရှိ လနူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀၊ ဘိန်းဖြူသုည ဒသမ ၃၉၆ ကီလိုနှင့် မြန်မာငွေကျပ် ၁၁ ဒသမ ၃ သိန်းကိုလည်းကောင်း၊  ထိုနေ့နံနက် ၁၀ နာရီတွင်  လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁)၊ ပင်လုံလမ်းရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ လှဝင်း (ခ) လီကွမ်းရောင်ကို စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် Happy Water ၇ ဒသမ ၁ ကီလို၊ ကက်တမင်း ၄ ဒသမ ၃၂ ကီလို၊ အက်တစီဆေး ၁၂ ပြား၊ Happy-5 ဆေးပြား ၁,၅၄၀ နှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် လားရှိုး မြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ မန်အိုင်ကျေးရွာရှိ ဖန်ယူချွန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၀၈၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ နှင့် မြန်မာငွေကျပ် ၂ ဒသမ ၅ သိန်းကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ မေ ၅ ရက် မွန်းလွဲ ၃ နာရီတွင် ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာအနီးတွင် မင်းသန့်မွန် (ခ) အရှည်ကြီး မောင်းနှင်လာသည့် TOYOTA BELTA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား