နေပြည်တော်၊ မေ ၆
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေ ၄ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက် ဆောင်ရွက်မည့်အစီအမံများ၊ လေးထောင့်ပုံ သံမဏိချောင်းများ လျာထားချက်နှင့်အညီ ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုရှင်းလင်းတင်ပြသည်။  
ယင်းနောက် ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လျာထားချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ သံရည်ကျို အလုပ်ရုံနှင့် အထောက်အကူပြု အလုပ်ရုံတို့ရှိ စက်ပစ္စည်းကိရိယာများကို စဉ်ဆက်မပြတ် စစ်ဆေး ပြုပြင်ထားရမည်ဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်သည့် နည်းစဉ်များနှင့် နည်းပညာများကို စက်ရုံရှိ ဝန်ထမ်းအားလုံးသိရှိစေရေးအတွက် လုပ်ငန်းခွင်မပြတ် လေ့ကျင့်သင်ကြားပေးကြရမည် ဖြစ်ကြောင်း၊ လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက်  ဝန်ထမ်းအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်တွေ့ကြုံရမည့် အခက် အခဲများကိုလည်း စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သံရည်ကျိုလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေသည့် ဝန်ထမ်းများအား အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဆေးဝါးစက်ရုံ (အင်ရောင်း) မှ ထုတ်လုပ်သည့် ဓာတ်ဆားထုပ်များနှင့် ဓာတ်ဆားရည်ဘူးများ ပေးအပ်သည်။
ဆက်လက်၍ တန် (၁၂၀) ထုံးကျောက်ထုတ်လုပ်ရေးအလုပ်ရုံတွင် စက်ပစ္စည်းများ စစ်ဆေး ပြင်ဆင်နေမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေနှင့် Cold Box Structure ဆေးသုတ်ထားသည့် အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်