နေပြည်တော် မေ ၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနမှ ဦးစီး၍ (၃၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနများ၊ စိုက်ပျိုးရေး ဆောင်ရွက်နေသောဌာနများ၊ ရေနှင့်ပတ်သက်၍ဆောင်ရွက်နေသောဌာနများ၊ အခြားဆက်စပ် ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
(၃၂) ကြိမ်မြောက် မုတ်သုံဖိုရမ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ (အနောက်တောင်မုတ်သုံရာ သီကာလ) အတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ယေဘူယျခန့်မှန်းချက်များ တင်ပြဆွေးနွေးခြင်း၊ စိုက်ပျိုးရေး မိုးလေဝသအခြေအနေနှင့် မိုးလေဝသအသုံးအနှုန်းများ၊ မြန်မာနိုင်ငံနှင့် ငလျင်ဘေး အန္တရာယ်အကြောင်းတို့ကို ရှင်းလင်းတင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်းချက်များကို အသုံးပြုသည့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာအတွေ့အကြုံများနှင့် သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများ တင်ပြဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပြုချက်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


