မျိုးနွယ်
ကမ္ဘာတစ်ဝန်းမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီမုန် ညင်း၊ ပန်းနှမ်းနှင့် ဆီအုန်းတို့ကိုအဓိက စိုက်ပျိုးလျက်ရှိပါတယ်။ ဆီထွက်သီးနှံ တွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲပုပ်နဲ့ ပန်းနှမ်းတို့ကို ရှမ်းပြည်နယ်၊ ဆီမုန်ညင်း ကို စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂဒေသ နဲ့ ရှမ်းပြည်နယ်၊ ဆီအုန်းကို တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုး လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူတစ်ဦးဟာ တစ်ရက်လျှင် ပျမ်းမျှ အားဖြင့် ဆီ ၂ ဒသမ ၂၅ ကျပ်သား စားသုံးလျက်ရှိပါတယ်။ နှစ်စဉ် စားသုံးဖို့နဲ့ လုပ်ငန်းသုံးအတွက် စားသုံးဆီ လိုအပ်ချက်၏ ၆၀-၇၀ ရာခိုင်နှုန်းအထိ ပြည်ပမှ တင်သွင်းနေရပါတယ်။ နိုင်ငံတော်အကြီးအကဲက မိမိတို့နိုင်ငံကို ဆီတင်သွင်းတဲ့ နိုင်ငံအဖြစ်မှ ဆီတင် ပို့တဲ့နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး လမ်းညွှန်ချက် ပေးထားပြီး ဖြစ်ပါတယ်။
အထွက်နှုန်းတိုးတက်စေနိုင်
ဆီထွက်သီးနှံတွေ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လိုက်နာ ကျင့်သုံးရန် လိုအပ်ပါတယ်။ “မျိုးမှန်မှ ပျိုးသန်မည်” ဆိုတဲ့ ဆိုရိုးအတိုင်း မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဟာ အထွက်နှုန်းကို ၁၀-၂၀ ရာခိုင်နှုန်းထိ တိုးတက်စေနိုင်ပါတယ်။ စိုက်ပျိုး ထုတ်လုပ်သူတောင်သူတွေ ပန်းတိုင် အထွက်နှုန်းရရှိနိုင်မည့် မျိုးကောင်း မျိုးသန့်တွေ အခုထက် ပိုမိုစိုက်ပျိုး လာနိုင်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) ရှိ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်သူတွေ ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒေသရေမြေရာသီဥတုနဲ့ကိုက်ညီပြီး ပန်းတိုင် အထွက်နှုန်းရရှိနိုင်မယ့် မျိုးကောင်း မျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးရေး အလေးပေးဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။ မျိုးကောင်းမျိုးသန့်တွေက သုံးနှစ်တစ်ကြိမ် မျိုးလဲလှယ်ပေး စိုက်ပျိုးသင့်ပါတယ်။ ဆီထွက်သီးနှံတွေဟာ နှစ်ပေါင်းများစွာ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးလာခြင်းကြောင့် မျိုးရိုးဗီဇမျိုးရောမှုတွေ ဖြစ်ပေါ်လျက်ရှိရာ ယခုအခါ တောင်သူတွေ ပူးပေါင်းပါဝင်သော မျိုးရွေးချယ်ခြင်း၊ မျိုးမြှင့်တင်ခြင်း လုပ်ငန်းတွေကိုလည်း ဆက်လက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
မြေဆီလွှာ တိုးတက်ကောင်းမွန်အောင်
သီးနှံအထွက်နှုန်း တိုးတက်စေရန် နေရာဒေသလိုက်၍ မြေဆီလွှာထိန်းသိမ်းခြင်းနဲ့ မြေဆီလွှာ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စိုက်ခင်းမြေဆီလွှာတွင် အာဟာရဓာတ် လျော့နည်းခြင်းဟာ သီးနှံအထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။ မြေဆီလွှာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် ရာမှာ သဘာဝမြေဩဇာတွေဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ တီကျစ်စာ စတဲ့တိရစ္ဆာန်စွန့်ပစ်ပစ္စည်း အပါအဝင် သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေး၊ ပဲမှော်စတဲ့ အပင်တွေရဲ့ ဘေးထွက်ပစ္စည်းတွေကို Compost ပြုလုပ်ပြီး ထည့်သွင်း အသုံးပြုပေးကြရမှာဖြစ်ပါတယ်။ ဇီဝမြေဩဇာဟာအပင်တွေ ရှင်သန်ကြီးထွား ဖို့အတွက် အကျိုးပြုသက်ရှိတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့အတွက် မြေဆီလွှာအတွင်း စိမ့်ဝင်ပြီး အချိန်ယူပြုပြင်၍ မြေဆီဩဇာဓာတ်ကို အားဖြည့်ပေးနိုင် မှာဖြစ်ကာ သီးနှံအထွက်နှုန်းကို တိုးတက် လာစေမှာ ဖြစ်ပါတယ်။
ဆီထွက်သီးနှံတွေအတွက် ပန်းတိုင် အထွက်နှုန်းရရှိစေရေး လိုအပ်တဲ့ အစိုဓာတ်ရရှိစေရန် သီးနှံပင် ရေလိုအပ် တဲ့အချိန်တွင် ရေသွင်းပေးခြင်း ဆောင်ရွက်ရန် ရေအရင်းအမြစ် (Water Resources) တွေ ရှိရန် လိုအပ်ပါတယ်။ ဆီထွက်သီးနှံတွေစိုက်ပျိုးရာမှာ ရေရရှိ ရေးအတွက် ရေရရှိနိုင်မည့်နည်းလမ်း တွေ (ဆည်မြောင်းရေ၊ မြစ်ရေတင်၊ မြေအောက်ရေတင်၊ တောင်ကျရေ၊ ချောင်းပိတ်/မြောင်းပိတ်) နဲ့ ရေပေးသွင်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ ရေစုမြောင်းများ တူးဖော်ခြင်း၊ ရေစုကန်တွေ တည်ဆောက်ခြင်းတွေကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသများရှိ တောင်စောင်းတွေမှာ ရွှေ့ပြောင်း တောင်ယာ စနစ်အစား ခေတ်မီတောင်စောင်းစိုက်ပျိုးနည်းစနစ် (SALT Technology) နဲ့ မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေခြင်းနဲ့ ရေချွေတာထိန်းသိမ်းခြင်း (Water Saving) ကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
သင့်တော်တဲ့ စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးဆောင်ရွက်ခြင်းဟာလည်း ဆီထွက်သီးနှံတွေ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် အရေးပါသောကဏ္ဍတွင် ပါဝင်ပါတယ်။ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရေး စိုက်ပျိုး ရေးဆိုင်ရာပညာရှင်တွေက စိုက်ပျိုးထုတ်လုပ်သူ တောင်သူတွေထံသို့ နည်းပညာတွေ မျှဝေပေးရန် ဆောင်ရွက်ခြင်းကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဆီထွက်သီးနှံ အထူးဇုန်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ စိုက်ပျိုးရေးပညာရှင်တွေက နည်းပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေ ရေး Working Group တွေ ဖွဲ့စည်း၍ တောင်သူတွေလိုအပ်တဲ့ နည်းပညာ အကူအညီတွေကို တောင်သူ့လက်ဝယ်အရောက် လက်တွေ့အသုံးချနိုင်ရေး ပညာပေးဆွေးနွေးခြင်းတွေ၊ အကျိုး ဆောင်တောင်သူတွေကို နည်းပညာပေး သင်တန်းတွေ ပို့ချခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲတွေကျင်းပခြင်း၊ ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမယ့် နည်းစနစ်တွေမှာ ဓာတ်မြေဩဇာ တွေသုံးစွဲရာ၌ လေလွင့်ဆုံးရှုံးမှုနည်း စေရန် သဘာဝမြေဩဇာနဲ့ ရောစပ် အသုံးပြုခြင်းနည်းပညာ၊ သစ်စိမ်း မြေဩဇာ ထည့်သွင်းအသုံးပြုခြင်း နည်းပညာ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းနည်းပညာ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း နည်းပညာ၊ ရေချွေတာသုံးစွဲခြင်းနည်းပညာ (Water Saving Technology) ၊ ရေအစက်ချ စိုက်ပျိုးနည်းစနစ် ( Drip Irrigation) နဲ့ ရေဖျန်းစနစ် စိုက်ပျိုးခြင်း (Sprinkler Irrigation) နည်းပညာတွေကို လက်တွေ့ ပြသဆောင်ရွက်ခြင်းဖြင့် တောင်သူတွေကိုယ်တိုင် လက်တွေ့လိုက်နာကျင့်သုံးလာနိုင်စေရေး ကူညီပံ့ပိုး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနည်း ပညာပေးရေးဝန်ထမ်းတွေဟာ တောင်သူ လယ်သမားတွေကို နည်းပညာပေးဆောင်ရွက်ရာမှာ မှန်ကန်မှုရှိရေးအတွက် နည်းပညာပိုင်းဆိုင်ရာကို အစဉ်အမြဲ ဆည်းပူးလေ့လာနေရမှာ ဖြစ်ပါတယ်။ ဆီထွက်သီးနှံ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် ပညာရှင်တွေက ICT နည်းပညာနဲ့ တောင်သူနည်းပညာပေးခြင်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးကြရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးထုတ်လုပ်သူကိုယ်တိုင် မိမိစိုက်ပျိုးထားတဲ့ ဆီထွက်သီးနှံရဲ့ ပန်းတိုင်အထွက်နှုန်းရရှိစေရေး အလေး ပေးဆောင်ရွက်လိုတဲ့ စိတ်ဓာတ်ရှိရန် လိုအပ်လှပါတယ်။ စိုက်ပျိုးထုတ်လုပ်သူတွေ မိမိစိုက်ပျိုးမယ့် သီးနှံအတွက် သင့်တော်တဲ့ ရာသီဥတု၊ စိုက်ပျိုးချိန်၊ မြေအမျိုးအစား၊ သီးနှံပုံစံ၊ ရိတ်သိမ်း ချိန်ကာလမှာ တစ်ဧကသတ်မှတ် အပင်ဦးရေပြည့်မီရေး၊ ပေါင်းမြက် ကာကွယ်နှိမ်နင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ လိုအပ်တဲ့ သွင်းအားစုထည့်သွင်းခြင်း၊ နည်းစနစ် မှန်ကန်စွာထည့်သွင်းခြင်း၊ သီးနှံ အလေ အလွင့် နည်းစေရန်နဲ့ မှန်ကန်စွာ ရိတ်သိမ်းနိုင်ရန်အတွက် ရိတ်သိမ်းချိန်လွန် နည်းပညာတွေ၊ စနစ်တကျ သန့်စင် ခြွေလှေ့ အခြောက်ခံခြင်းတွေကို သိရှိ လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
အောင်မြင်အောင်ဆောင်ရွက်
စိုက်ပျိုးထွက်ရှိလာတဲ့ ဆီထွက်သီးနှံတွေကို ကုန်ကြမ်းထွက်ကုန်အဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်လာနိုင်ရေး၊ ဈေးကွက်ရရှိရေး အတွက် ကုန်သည်ကြီးတွေအသင်း၊ လုပ်ငန်းရှင်တွေ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဆီစက် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း၍ စားသုံးဆီထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းတွေကို အဆင့်မြှင့်တင်ခြင်း၊ ဆီစက်တွေ အဆင့်မြင့်တင်ခြင်းနဲ့ ကြိတ်ခွဲထွက်ရှိလာတဲ့ ဆီကြိတ်ဖတ် တွေကို စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တိရစ္ဆာန်အစာအတွက် ပြန်လည်အသုံးချခြင်းလုပ်ငန်းတွေကို ဆက်စပ်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဆီထွက်သီးနှံတွေကို နယ်မြေအလိုက် အထူးဇုန်တွေသတ်မှတ်၍ ဇုန်တာဝန်ခံတွေ သီးခြားတာဝန်ပေးအပ်ခြင်း၊ ဦးစီးစနစ်နဲ့ စစ်ဆေးမှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် စစ်ဆေးကြီးကြပ်သူ ထားရှိပြီး အောင်မြင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထက်အဆင့်ဆင့် အကြီးအကဲတွေရဲ့ လမ်းညွှန်မှု၊ စိုက်ပျိုးရေးဦးစီးဌာနရှိ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးတွေရဲ့ ကြီးကြပ်မှု၊ မိတ်ဖက်ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ (Private Sector) နဲ့ စိုက်ပျိုးထုတ်လုပ်သူတွေ ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင် ဆီထွက်သီးနှံတွေ ပန်းတိုင်အထွက်နှုန်း ရရှိလာနိုင်မှာဖြစ်တဲ့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းအပ်ပါတယ်။