နေပြည်တော် ၂၇ ဖေဖော်ဝါရီ
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ယနေ့ညနေပိုင်းက ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံမှတစ်ဆင့် သွားရောက်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းမှသာ ပြိုင်ပွဲကျင်းပမည့် ဂျပန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ- ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ- ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား- သရဖီအောင်၊ ဇူးလတ်နဒီ၊ နောက်တန်း- အိအိကျော်၊ နှင်းမြသဇင်၊ မိုးမမစိုး၊ နန့်ဇူးဇူးထက်၊ သဇင်အောင်၊ ဇွန်ယုယဦး၊ ကြည်ပြာလင်း၊ အလယ်တန်း- လင်းမြင့်မိုရ်၊ အေးအေးထွေး၊ ဘွဲ့လျန်ကိန်း၊ မေဖူးကို၊ နော်ထက် ထက်ဝေ၊ မိုးမိုးသန်း၊ ရှေ့တန်း- အေးမြတ်ခိုင်၊ နွယ်နီဝင်း၊ စန်းသော်သော်တို့ ပါဝင်ကြသည်။
ယင်းပြိုင်ပွဲတွင် အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု (က)တွင် ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်ကလပ် အိုကီနာဝါ ယူ-၁၉ အသင်းတို့နှင့် ကျရောက်နေပြီး အုပ်စု(ခ)တွင် ဂျပန်ကလပ် ဗစ်ဆဲအိုနီဂါဝါ၊ လာအို၊ မလေးရှား၊ စင်ကာပူနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။
ယခုပြိုင်ပွဲမှာ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သောကြောင့် အုပ်စုပွဲများကို ဆက်တိုက်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းသည် မတ် ၂ ရက်တွင် ဗီယက်နမ်၊ မတ် ၃ ရက်တွင် ဂျပန်၊ မတ် ၄ ရက်တွင် ဂျပန်ကလပ် အိုကီနာဝါ ယူ-၁၉ အသင်း၊ မတ် ၅ ရက်တွင် ထိုင်းအသင်းနှင့် လေးရက်ဆက်တိုက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ