နေပြည်တော် မေ ၇
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့် နည်းပ ညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဥ် (Electric Vehicle ၊ EV) ကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသန ဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ယမန်နေ့ နံနက်ပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် TTTC(ဘယ်လင်း) ၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှုသင် တန်း (၁/ ၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်တွင် အခြားကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုဖောက်ပြန်မှု လျှော့ချနိုင်ရေး၊ ကာဗွန်ကင်းစင်ရေး၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု များမှ သက်ရောက်မှု များကို လျှော့ချနိုင်ရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေး၊ စက်သုံးဆီအသုံးစရိတ် လျှော့ချနိုင်ရေး၊ လေထုအရည်အသွေးများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသော လေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန် စေသည့် ဆုလဒ်များကိုပါ ရရှိရေးတို့အတွက် EV ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာတွင် အရည်အသွေး ပြည့်မီသော EV နည်းပညာရှင်များကို ပျိုးထောင်ပေးရန် လည်းလိုအပ်သဖြင့် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြု EV နည်းပညာရှင်များဖြစ်စေရေး ရည်မှန်းချက်ထားကာ ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး EV အလုပ်ရုံတွင် အဆင့်မြင့် သင်ထောက်ကူပစ္စည်းများဖြင့် သင်တန်းသားများ သင်ယူလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။ အဆိုပါသင်တန်းတွင် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ လျှပ်စစ်ကား၏ ဗို့အားမြင့် မောင်းနှင်ခြင်းစနစ်၊ Battery နည်းပညာ၊ ထိန်းချုပ်မှုစနစ်များ၊ Special Hand Tools၊ လျှပ်စစ်သုံးယာဉ် စနစ်တစ်ခု လုံးအတွက် ပြစ်ချက်ရှာဖွေခြင်း၊ စမ်းသပ်ခြင်း၊ Traction Battery ကို ဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ်ကို ဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ အကြောင်းအရာများကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာ အထက်တန်းကျောင်း GTHS (ကျောက်ဆည်)သို့ ရောက်ရှိပြီး ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတို့နှင့် ဒုတိယအကြိမ်မြောက် ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်း ပညာသင်တန်း၊ အခြေခံကွန်ပျူတာ သင်တန်းနှင့် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံများတွင် သင်တန်းသားများ ဆောင်ရွက်နေမှုကို ကြည့်ရှုအား ပေးကာ လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ သင်တန်းများကို ဒေသတွင်း MSME လုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်ရန်၊ ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများ မြင့်မားလာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များဘဝရပ်တည်ချက် ခိုင်မာစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန်နှင့် နိုင်ငံတော်က အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်း လာစေရန်တို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် နွေရာသီကျောင်း ပိတ်ကာလဖြစ်၍ ကျောင်းသားများ စုစုပေါင်း သင်တန်းသား(၅၀)ခန့် တက်ရောက်ကြ ကြောင်းနှင့် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


