ရန်ကုန် မေ ၁၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့နယ်တို့ရှိ ဓာတ်အားခွဲရုံများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်း မကြီး(၁/၀)မိုင်တွင် အသစ်တည်ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မင်္ဂလာဒုံမြို့နယ်ရှိ 33/11-66.6 kV ခရေပင်ဓာတ်အားခွဲရုံနှင့် 33/6.6 kV (၁၄)မိုင် ဓာတ်အားခွဲရုံသို့သွားရောက်၍ ဖီဒါအလိုက် ဓာတ်အားပေးထားမှုအခြေအနေ၊ ဝန်အားနိုင်နင်းမှုရှိ/မရှိ အခြေအနေ၊ ခွဲရုံကြံ့ခိုင်ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်ထားမှုနှင့် ဓာတ်အားပြတ်တောက်ခြင်း ဆက်သွယ်လာမှုကို ဖြေကြားမှုမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ ဓာတ်အားခွဲရုံများ ထရန်စဖော်မာများ လောင်ကျွမ်းမှုမဖြစ်စေရေး၊ ဓာတ်အားပျောက်ဆုံးမှုမဖြစ်စေရေး၊ တရားမဝင် ဓာတ်အားသွယ်တန်းသုံးစွဲမှုများ မရှိစေရေး၊ မီးသုံးသူပြည်သူများက စုံစမ်းမေးမြန်းလာမှုအပေါ် ဖြေကြားဆောင်ရွက်ပေးရာတွင် ယဉ်ကျေးပြေပြစ်စွာ ရှင်းလင်းဖြေကြားကြရေး မှာကြားသည်။
ထို့နောက် ထောက်ကြန့်မြို့ လျှပ်စစ်မန်နေဂျာရုံးနှင့် 33/6.6kV မြို့ရုံးဓာတ်အားခွဲရုံသို့ သွားရောက်၍ ဖီဒါအလိုက် ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဓာတ်အားရရှိမှုအပေါ် မှန်မှန်ကန်ကန်ဖြန့်ဖြူးပေးရေး၊ အုပ်စုအလှည့်ကျ ဓာတ်အားပေးမှုများ မှန်ကန်မှုရှိစေရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေး၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မိုးကြိုကာလ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ၊ ခုတ်ထွင်ရှင်းလင်းရေးတို့ကို မှာကြားသည်။
ယင်းနောက် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၁/၀)မိုင်၊ အမှတ်(၃)တိုးဂိတ်အနီး တည်ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - YESC သစ္စာ(mna)