မြင့်စိုး (နတလ)

ယမုံနာကို မဖြတ်ခဲ့သော်ငြားလည်း
၁၁ ညအိပ် ၁၂ ရက် ဗုဒ္ဓဂယာခရီးစဉ်ပြီးဆုံး၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်း မြန်မာစံတော်ချိန်၂ နာရီခွဲသာသာခန့် အိန္ဒိယနိုင်ငံဂယာလေဆိပ်မှ မြန်မာအမျိုးသားပိုင် လေကြောင်းလိုင်း UB 7002 ဖြင့် ကျွန်တော်တို့အဖွဲ့ ပြန်လည်ထွက်ခွာ ခဲ့ကြသည်။ အစားအသောက်များ မကျွေးမွေးသေးမီ အဆင်ပြေပါက သတင်းစာဖတ်လိုကြောင်း လေယာဉ်မယ်လေးအား အကူအညီတောင်းခဲ့ရာ မြဝတီနေ့စဉ်သတင်းစာ တစ်စောင်ယူလာပေးပါသည်။ အလိုလေး... တိုက်ဆိုင်လှပကောလား။ မကြာသေးခင် ရက်ပိုင်းအတွင်းကမှ ကျွန်တော်တို့ အားလုံးသည် ဂင်္ဂါမြစ်၊ သရဖူမြစ်၊ အစီရဝတီမြစ်၊ မဟီမြစ်၊ ဂယာမြစ်၊ နေရナရာမြစ်စသော မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့ကို ကျော်ဖြတ်လျက် သံဝေဇနိယ လေးဌာန၊ အဝိဇဟိတ လေးဌာန ရှိသည့်အနက် တာဝတိံသာနတ်ပြည်မှ ပြန်လည်ဆင်းသက်တော်မူရာ သင်္ကဿနဂိုရ် ပြည်မပါ သုံးဌာနတို့သို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြပြီး ဖြစ်သည်။ ယမုံနာ မြစ်ကိုတော့ မဖြတ်ခဲ့ရချေ။ တိုက်ဆိုင်သည်ဟု နှုတ်မှမြည်တမ်းရေရွတ် လိုက်ရခြင်းမှာ မြဝတီသတင်းစာ မျက်နှာဖုံးတွင် ရေးသားဖော်ပြထားသော ဓမ္မပဒမြတ်ဗုဒ္ဓ၏ အဆုံးအမတရားကြောင့် ဖြစ်သည်။

ဂင်္ဂါ၊ ယမုံနာစသော မြစ်တို့သည် မဟာသမုဒ္ဒရာသို့ ကိုင်းညွှတ်ရသည်သာ ဖြစ်သကဲ့သို့ မဂ္ဂင်ရှစ်ပါး(အရိယာမဂ်)ကို ပွားများသော ပုဂ္ဂိုလ်တို့သည်နိဗ္ဗာန်သို့ ရှေးရှုသည်သာတည်းဟူ၏။ တစ်လှေတည်းစီး တစ်ခရီးတည်းသွားပဲဆိုဆို၊ တစ်လေယာဉ်တည်းစီး တစ်ခရီးတည်းသွားပဲပြောပြော ကျွန်တော်တို့အားလုံးသည် နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနှင့် ရောက်ကြစေရန် အထောက်အပံ့ ဖြစ်စေခြင်းငှာ ဤမည်သော ဗုဒ္ဓဂယာခရီးစဉ်ကို စိတ်ကူးကြံဆ ညှိနှိုင်းတိုင်ပင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။

ကလိန်အောင်မှသည် ဗုဒ္ဓဂယာဆီသို
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် သက်တော် ၉၁ နှစ်ရှိ သီလရှင်ဆရာကြီး ဒေါ်ဓမ္မထေရီ (အဖွားရှင်)သည် သာသနာပြုလုပ်ငန်များ ဆောင်ရွက်လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဇနီးဒေါ်ဝင်းဝင်းမော် မိသားစုတို့က သီလရှင်ဆရာကြီး စေတီများတည်ထားရာ အောင်သီရိကုန်းမြေတွင် ဓမ္မာရုံတစ်ခု ဆောက်လုပ်လှူဒါန်းကာ စစ်တက္ကသိုလ်အမှတ်စဉ် ၂၂ မိသားစုအားလုံးလည်း သိမ်တော်တစ်ခုဆောက်လုပ်၍ ပါဝင်လှူဒါန်းခဲ့ကြသည်။ ဓမ္မာရုံအုတ်မြစ်တော်စီရန် မြေကြီးလုပ်ငန်းများ ဆောင်ရွက်စဉ် မုဒြာအမျိုးမျိုးဖြင့် သွန်းလုပ်ထားသော ရှေးဟောင်းဘုရား ကြေးဆင်းတုတော် ၂၂ ဆူ တူးဖော်ရရှိခဲ့၍ ကျွန်တော်တို့ အမှတ်စဉ် ၂၂ မိသားစုအားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်ခဲ့ကြရသည်။

အဆိုပါ သိမ်နှင့် ဓမ္မာရုံရေစက်ချပွဲအခမ်းအနားကို၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပြီးနောက် လိုက်ပါသူ မိသားစုအားလုံး မောင်းမကန်၌ ညစာအတူစားကြစဉ် ဗုဒ ̈ဂယာသို့ ဘုရားဖူး သွားရောက်မည့် စိတ်ကူးအစီအစဉ် စတင်ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ မိမိတို့အပတ်စဉ်မှ တိုက်ပွဲကျဆုံး၊ ကွယ်လွန်သူများ၏ မိသားစုများ အပါအဝင် ဒဏ်ရာ ရသူငယ်ချင်းများကိုလည်း ဝိုင်းဝန်းဖေးကူ၍ အိန္ဒိယနှင့် နီပေါနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားကြမည်။

ဒေါ်သဇင်မြင့်အောင်၏ အောင်ချမ်းသာ ဘုရားဖူး Tours အဖွဲ့နှင့် ညှိနှိုင်းချက်အရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း သွားဖြစ်မည်။ သည်ကြားထဲမှာ လိုအပ်သော Passport  ကိစ္စ၊ ကိုယ်ရေးအချက်အလက်များ ပေးပို့ရန်ကိစ္စများကို ဦးဝင်းမြင့်၊ ဦးမျိုးဝင်း၊ ဦးဇော်ဝင်းအောင်တို့က ဦးဆောင်ဦးရွက်ပြု၍ စီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ခရီးစရိတ် ကုန်ကျမည့်ငွေကို တတ်နိုင်သူများက အပြည့်အဝထည့်၍ ကျန်သော တိုက်ပွဲကျဆုံး၊ ကွယ်လွန်သူငယ်ချင်းများ၏ မိသားစုဝင်များ၊ ကျန်းမာရေး မကောင်းသူများ အခက်အခဲမရှိစေရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးသိန်းဦး၊ ဦးကောင်းစံဦးနှင့် ဗိုလ်ချုပ် တင်ထွန်းအေး(ငြိမ်း)တို့က အလှူငွေများ ထည့်ဝင်ပေးခဲ့သည်။ သည့်အတွက်ကြောင့် ကျွန်တော်တို့အဖွဲ့တွင် ဆရာကြီး ဒေါ်ဓမ္မထေရီနှင့် သား ဦးပဉ္ဇင်းဦးကောသလ္လ၊ ဗိုလ်လောင်းအမှတ်၁၉၆၆၊ တပ်မတော်(ရေ)တွင် အမှုထမ်းပြီးမှ ပဉ္ဇင်ခံကာ (၂၄) ဝါ ရနေပြီဖြစ်သော ဦးဇာဂရ၊ သူငယ်ချင်း ၃၂ ဦးနှင့် ဇနီးသားသမီး မိသားစုဝင် ၅၀ စုစုပေါင်း ၈၅ ဦး ပါဝင်ပါသည်။ ဒေါက်တာသန်းသန်းမြင့်၊ ဒေါက်တာပိုက်ထွေးချို၊ ဗိုလ်မှူးကြီး ဒေါက်တာတင်မိုးသန်းတို့ လိုက်ပါလာသောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပူစရာမလိုတော့ပါ။ အောင်ချမ်းသာ Tour ကလည်း ဆေးဝါးအစုံအလင် ယူဆောင်လာပါသည်။ မိုင်းထိဒဏ်ရာ အသီးသီးရထားသောကြောင့် ခြေထောက်တစ်ဖက်စီ စွန့်လွှတ်ခဲ့ရသူ ဦးလွင်နိုင်ဝေနှင့် ဦးတင်ဦး၊ ခြေဖျားပိုင်း ဖြတ်တောက်ခဲ့ရသည့်ဦးဆန်နီအောင်တို့ လိုက်ပါလာနိုင်ခြင်းကလည်း ကျွန်တော်တို့၏ စည်းလုံးညီညွတ်မှုကို ပို၍ခိုင်မာစေခဲ့ သည်။ လမ်းခရီးတစ်လျှောက် ဖေးကူလက်တွဲ စောင့်ရှောက်ခဲ့ကြသည်။ သည်ခရီးစဉ်အတွက် အချိန် တစ်နှစ်နှင့် သုံးလခန့်ဟူ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ် က္ဘာအေးဘုရားလမ်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ဝင်း၊ သမဝါယမတန်ဆောင်း၌ အောင်ချမ်းသာဘုရားဖူးအဖွဲ့ MD ဒေါ်သဇင်မြင့်အောင်က ခရီးစဉ်နှင့် ဆောင်ရန်-ရှောင်ရန် တို့ကို ရှင်းလင်းပြောကြားပါသည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ယင်းတန်ဆောင်း၌ပင် လှူဖွယ်ပစ္စည်းများ နှင့် ခရီးဆောင်အိတ်ကြီးများ အပ်နှံကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ မြန်မာအမျိုးသား လေကြောင်းပိုင် UB7001 ခရီးစဉ်ဖြင့် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံ ဂယာလေဆိပ်သို့ ထွက်ခွာခဲ့ကြသည်။ ရန်ကုန်မှ ဂယာခရီးစဉ်သည် ခန့်မှန်းမိုင် ၈၀ဝ ကျော်ခန့် ကွာဝေးပြီး လေယာဉ်ပျံသန်းချိန် ၂ နာရီခန့်ကြာမြင့် ပါသည်။ ဒေသစံတော်ချိန်အရ မြန်မာနှင့် အိန္ဒိယသည် တစ်နာရီကွာခြားနေပေရာ အိန္ဒိယစံတော်ချိန် ၁၂ နာရီစွန်းစွန်းမှာ ဂယာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြသည်။

မဟာဗောဓိစေတီတော်မြတ်ကို ဦးခိုက်ခဲ့ကြ
ဂယာမြို့အထိကတော့ အောင်ချမ်းသာဘုရားဖူး အဖွဲ့တွင် ၁၄၉ ဦး ပါဝင်နေပါသည်။ ကျွန်တော်တို့အဖွဲ့မှ သံဃာတော် နှစ်ပါး၊ သီလရှင်ဆရာကြီး တစ်ပါး၊ လူပုဂ္ဂိုလ် ၈၂ ဦးတို့က ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနကို မှန်လုံယာဉ်ကြီး သုံးစီးဖြင့် လက်ယာရစ်ခရီးစဉ်အတိုင်း လှည့်လည်ဖူးမြော်ကြမည်။ အခြား ၆၄ ဦးတို့က ယာဉ်ကြီးနှစ်စီးဖြင့် လက်ဝဲရစ်လှည့်လည်ကာ နီပေါနိုင်ငံရှိ ဗုဒ္ဓဖွားတော်မူရာ လုမ္ဗိနီ၌ ပြန်ဆုံရန်ဖြစ်သည်။ ဂယာသို့ ရောက်သည့်နေ့ ညနေ ၅ နာရီခွဲအချိန်မှ စတင်ကာ မဟာဗောဓိစေတီတော်မြတ်ကြီးအား ဦးခိုက်၍ အဖွဲ့ ငါးဖွဲ့မှ အဖွဲ့လိုက် ကြာသင်္ကန်များ ကပ်လှူပူဇော်ခဲ့ကြသည်။ ဗောဓိဓမ္မရိပ်သာကျောင်းဆရာတော်က ပလ္လင်္ကသတ္တာဟ၊ မုစလိန္နသတ္တာဟ၊ ရာဇာယတန သတ္တာဟတည်းဟူသော သတ္တသတ္တာဟဌာနတို့နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ရှင်းလင်းမိန့်ကြားပေးခဲ့သည်။

မဟာဗောဓိစေတီတော်ကြီးနှင့် မြန်မာနိုင်ငံ
ယင်းခရီးစဉ်အတွင်း စာရေးသူအနေဖြင့် နေရာဌာနအလိုက် ဟောကြားရှင်းလင်းပေးသော ဆရာတော်များ၏ ဟောကြား ချက်များ၊ ခရီးသွားအဖွဲ့ တာဝန်ရှိသူများ၏ ဟောကြားချက်များကို မှတ်သားခဲ့ရသည့်အပြင် ဆရာတော်အရှင်သူမြတ်တို့ ရေးသားထားသည့် စာအုပ်များကိုလည်း ဝယ်ယူပူဇော် ဖတ်ရှုခဲ့ရသည်။ ဆောင်းပါးများအားလုံး ရေးသားပြီးချိန်တွင် မှီငြမ်းကျမ်းကိုးစာရင်း ဖော်ပြပေးပါမည်။

ဗုဒ္ဓဂယာဟူသည် ဗုဒ္ဓဘုရားရှင်နှင့် သက်ဆိုင်သောဂယာဖြစ်၍ ဗုဒ္ဓဂယာဟု ဗုဒ္ဓဘာသာဝင်တို့က သတ်မှတ်ထားသည်။ ဒေသခံ ဟိန္ဒူဘာသာဝင်တို့ကမူ ဖုတ်ပြိတ္တာများကို အမျှပေးဝေရာဌာန ဖြစ်၍ ဘူတဂယာဟု ညွှန်းဆိုကြသည်။ ဝိသျှနု (ခေါ်) ဗြဟ္မာမင်း၏ ခြေတော်ရာ တည်ရှိသည့်ကျောင်းကို အကြောင်းပြု၍ ဗြဟ္မဂယာဟူ၍လည်းကောင်း၊ ဂယာသီသတောင်အနီးတွင် တည်ရှိသောကြောင့် ဂယာဟုခေါ်တွင်ကြောင်း အမျိုးမျိုး သိခွင့်ရလိုက်ပါသည်။ မဟာဗောဓိပင်ပေါ်ထွန်းရာ၊ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိတော်မူရာ ဗုဒ္ဓဂယာသို့ ဘီစီ ၂၆၀ တွင် အသောကမင်းကြီးရောက်ရှိလာခဲ့ပြီး မဟာဗောဓိ စေတီတော်ကြီးကို တည်ထားခဲ့သည်။ အေဒီ (၈) ရာစုမှ (၁၂) ရာစုအထိ ပါလမင်းများက ဆက်လက်ထိန်းသိမ်းစောင့်ရှောက်၍ သာသနာတော်ကို ချီးမြှောက်ခဲ့ကြသည်။

မဟာဗောဓိ စေတီတော်မြတ်ကြီးကို ကျန်စစ်သားမင်းလက်ထက် အေဒီ (၁၀၈၄-၁၁၁၂)၌ ပြုပြင်ရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ အေဒီ ၁၁၀၂ ခုနှစ် အလောင်းစည်သူမင်း လက်ထက်တွင် ရခိုင်ဘုရင် လကျာ်မင်းနန်နှင့် ပူးပေါင်းပြုပြင်ခဲ့ရာ အောင်မြင်ပြီးစီးခဲ့ကြောင်း၊ အေဒီ ၁၂၉၅ တွင်ကျော်စွာမင်း၊ အေဒီ ၁၂၉၆ တွင် ရခိုင်ဘုရင်မင်းထီး၊ အေဒီ ၁၅၃၂ တွင် ရခိုင်ဘုရင်မင်းဗာကြီး၊ အေဒီ ၁၈၁၀ တွင် ဘိုးတော်ဦးဝိုင်း၊ အေဒီ ၁၈၇၇ ခုနှစ်တွင် မင်းတုန်းမင်းတို့က အဖွဲ့များစေလွှတ်၍ စေတီတော်ကြီးကို ပြုပြင်မွမ်းမံခဲ့ကြကြောင်း ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ မှတ်သား သိရှိရပါသည်။ နောက်ဆုံးခရစ်နှစ် ၁၈၈၀ ပြည့်နှစ်တွင် ဗြိတိသျှ-အိန္ဒိယ ရှေးဟောင်းဌာနက မဟာဗောဓိစေတီတော်မြတ်ကြီးကို အောင်မြင်စွာ ပြုပြင်မွမ်းမံခဲ့ကြောင်း သိရှိခဲ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)