နေပြည်တော် မေ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် လယ်ယာကုန်ထုတ် လုပ်ငန်းများ၌ ထိုင်းနိုင်ငံ ပုဂ္ဂလိကလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြုပ်နှံနိုင်ရေး တင်ပြ လာပါက ဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး နှင့် လိုအပ်ချက်များ ကူညီပေးနိုင်မည့် အခြေအနေများ၊ နို့စားနွား တိုးချဲ့မွေးမြူရေး နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုများ ပြည်ပရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ၊ မြန်မာ့ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် ကျွဲ နွား ခွါနာ လျှာနာ ရောဂါကင်းမဲ့ဇုန်များ၊ တိရစ္ဆာန်ကူးစက်ရောဂါ ထိန်းချုပ်ဇုန်များ ဆောင်ရွက်ထားရှိမှုနှင့် တိရစ္ဆာန် နယ်စပ်ဖြတ် ကျော်တင်ပို့ခြင်းဆိုင်ရာ မူဝါဒများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ကျွဲနွားတင်ပို့မှုဆိုင်ရာ သဘောတူညီချက် MOU ဆောင်ရွက်ရန် လိုအပ်ချက်များ၊ မြန်မာ့ ငါးမြင်း ငါးမျိုးဗီဇစစ်ဆေးခြင်းနှင့် မျိုးထိန်းခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း ဆိုင်ရာများ ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော ရေရှည်တည်တံ့သည့် လယ်ယာ ကုန်ထုတ်လုပ်မှု ဖြစ်စေရေးအတွက် စီမံဆောင်ရွက်နေမှုများ ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)