နေပြည်တော် မေ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H. E. Mr. Abhay Thakur အား ယနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် နှစ်နိုင်ငံ လက်မှတ်ရေးထိုး ခဲ့သော MoU အရ အိန္ဒိယနိုင်ငံ၏ ကူညီမှု ရန်ပုံငွေဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်း လုပ်ငန်းများ၏ အောင်မြင်ဖြစ်ထွန်းမှုနှင့် အကျိုးရလဒ်များ၊ အလားတူ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် MoU အသစ်ထပ်မံရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)