နေပြည်တော်  မေ ၁၀

 

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူ ကြိုဆိုပါကြောင်း၊ သံအမတ်ကြီးတာဝန်ထမ်းဆောင်ချိန်ကာလတွင်  မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြောကြားပြီး  ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ၊ ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် အာမခံဆိုင်ရာသင်တန်းများ ပံ့ပိုးပေးနိုင်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)