ညောင်ရွှေ မေ ၁၁
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို မေ(၁၁)ရက် နံနက်(၉)နာရီက ကန်ကြီးပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်း ရှိ ဓာတ်ပေါင်းစုစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကန်ကြီးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရား တော်မြတ်ကို နာယူပန်ဆင်ကြသည်။
ထို့နောက် ကန်ကြီးပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တတေဇဝံသက ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်း အောင်မြင်ခြင်းအထိမ်းအမှတ် ဇေယျသိဒ္ဓိ အောင်ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၎င်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ပင့်ပန်ထားသည့် နတ်ဗြဟ္မာအပေါင်းတို့အား ပြန်လည်ပို့ဆောင်သည့် နတ်ပို့ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းနှင့် အဆိုပါကျမ်းမြတ်ပူဇော်ခြင်းကို (၇-၅-၂၀၂၄)မှ (၁၁-၅-၂၀၂၄)ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ


