နေပြည်တော် မေ ၁၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၈ ရက်က တာချီလိတ်ခရိုင်အတွင်းရှိ တာလေမြို့လျှပ်စစ်ရုံးနှင့် ကျိုင်းလပ်မြို့လျှပ်စစ်ရုံးကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ယင်းမြို့များ ဒီဇယ်အင်ဂျင်စက်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေမှုကို လိုက်လံကြည့်ရှုကာ လစဉ်ဒီဇယ်ဆီ ခွဲတမ်းရရှိမှုအရ ပြည်သူများသတ်မှတ်ချိန်အတိုင်း လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး စနစ်တကျဆောင်ရွက်ကြရန်၊ ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးဆောင်ရွက်ကြရန်၊ စက်မောင်းဆီနှင့် ချောဆီများ စနစ်တကျသုံးစွဲရန်၊ မှတ်တမ်းများ စနစ်တကျပြုစုထားရှိပြီး အလေးထားဆောင်ရွက်ရန်၊ အင်ဂျင်နှင့် စက်ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ လိုအပ်သော ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်နှင့် ကျွမ်းကျင်မှုအရည်အသွေးမြှင့်တင်ရေး လုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ ဝန်ထမ်းအိမ်ရာကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် မေ ၉ ရက်က မိုင်းဆတ်မြို့နယ်အတွင်း အသစ်တည်ဆောက် လျက်ရှိသည့် ၆၆ ကေဗွီ, ၁၀အမ်ဗွီအေ မိုင်းဆတ် ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မိုင်းဆတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ၆၆ ကေဗွီ, ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သင်တန်းများ ပို့ချသင်ကြားပေးခြင်းများ ဆောင်ရွက်ရန်၊ ဓာတ်အားခွဲရုံတွင် One Line Diagram များ ရေးဆွဲ၍ ချိတ်ဆွဲထားရှိရန် မှာကြားပြီး ဝန်ထမ်းများကို ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
သတင်းစဉ်


