နေပြည်တော်၊ မေ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနားရေကာတာကို ကြည့်ရှုစစ်ဆေးသည်။ 
ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူက ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ၂၀၁၅ ခုနှစ်အတွင်း ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ပြီး နောက်ပိုင်း မြစ်ရေစီးကြောင်းပြောင်းလဲလာသဖြင့် ကမ်းပြိုကမ်းစားမှုဖြစ်စဉ်များ စတင်ဖြစ်ပေါ်ခဲ့မှု၊ ရေကြီးရေလျှံခြင်းမှကာကွယ်ရန် တည်ဆောက်ထားသော ဦးမိုးလေးဖြတ်တာကို ၂၀၁၉ခု နှစ်မှ စတင်၍ မြစ်ရေတိုက်စားခံရပြီး နှစ်စဉ်ကမ်းပြိုကမ်းစားခြင်းဖြစ်ပေါ်ခဲ့ကာ ဟင်္သာတမြို့သို့ ရေစီးကြောင်း ဆက်လက်ဦးတည်လာသဖြင့် လိုအပ်သောပန်းတာနှင့် ဖြတ်တာများတည်ဆောက်ခြင်း၊ တာမျက်နှာပြင်များ သတ်မှတ်အမြင့်ရရှိရန်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြကြ၍ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ လတ်တလောဆောင်ရွက်မည့်အစီစဉ်များနှင့် ရေရှည်ဆောင်ရွက်ရမည့် အစီအစဉ်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်ခန်းမ၌ ဟင်္သာတနှင့် မြန်အောင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်း အမှုထမ်းများကို တွေ့ဆုံ၍ ဒုတိယဝန်ကြီးက မြေပြင်အခြေအနေမှန်ကို အနီးစပ်ဆုံးသိရှိအောင် လက်တွေ့ကွင်းဆင်း၍ ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ သီးနှံစိုက်ဧကနှင့် အထွက်နှုန်း ကိန်းဂဏန်းအချက်အလက် စာရင်းဇယားများမှန်ကန်ရေး၊ စိုက်ပျိုးရေးဦးစီးဌာနကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် အခြားဆက်စပ်ဌာန တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းတာဝန်ခံများအနေဖြင့် အချက်အလက်ကိန်း ဂဏန်းများကို ကိုယ်တိုင်ကွင်းဆင်းကောက်ယူကြရာတွင် တောင်သူများ၏လိုအပ်ချက်များကို သိရှိရေးနှင့် ထိရောက်စွာကူညီဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများ အနေဖြင့် ဝန်ထမ်းများကို ပံ့ပိုးကူညီနိုင်ရေး ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စတင်ကောက်ယူနေပြီဖြစ်သော ရေသောက်စနစ်အလိုက် စိုက်ပျိုးမည့်မျိုး၊ အထွက်နှုန်း စာရင်များကို စိစစ်ပြီး မျိုး၊ မြေ၊ ရေ၊ နည်းပညာ အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ်၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်သွားရန်၊ ဆီထွက်သီးနှံ အထူးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်၍ အထွက်နှုန်း တိုးတက်ရေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ဧကစာရင်း မှန်ကန်ရေး၊ အထွက်နှုန်းစားရင်းများမှန်ကန်ရေး၊ ကိန်းဂဏန်း အချက်အလက်များမှန်ကန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့၊ အ.ထ.က (၂) ရွှေကူ ပညာ့ဗိမာန်ခန်းမ၌ ဆီထွက်သီးနှံ ဇုန် (၁) ဇုန် (၂) တောင်သူများကို တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းစားသုံးဆီဖူလုံရေး မူဝါဒနှင့် လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများက စပါးအပါဝင် ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ဖွယ်ရာများကို ရှင်းလင်းတင်ပြကြပြီး တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ် ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်