နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေးနေမှုနှင့် ပန်းတနော်မြို့နယ် ဘုရားချောင်းကျေးရွာအုပ်စု၌ Gasifier ၊ Gas engine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုအားပေး
ပုသိမ် မေ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ် အင်းမကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမားရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် အထွေထွေရောဂါကုသမားတော်၊ နှာခေါင်းနှင့်လည်ချောင်းအထူးကု၊ ခွဲစိပ်ရောဂါအထူးကု၊ မျက်စိအထူးကု၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကု၊ ဓာတ်မှန်၊ သွားနှင့်ခံတွင်းရောဂါအထူးကု၊ စိတ်ရောဂါအထူးကု၊ ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကု၊ အရိုးအကြောအဆစ် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးများ ဦးဆောင်၍ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ အထူးကုဆရာဝန်ကြီးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် အဖွဲ့သည် မအူပင်ခရိုင် ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ရောက်ရှိကြပြီး စပါးခွံလောင်စာသုံး Gasifier engine ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။
ကြည့်ရှုစဉ် Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်ရုံ၌ Gasifier စနစ်ဖြင့် လျှပ်စစ် 12 MW ထုတ်လုပ်ရန်အတွက် Reactor မီးဖို (၁၂) လုံး တည်ဆောက်ထားရှိမှု၊ မီးဖိုနှင့် ဆက်စပ်လည်ပတ်မည့် gas engine (၁၃) လုံး ရောက်ရှိတပ်ဆင်ထားမှု၊ Gas ပို့လွှတ်စမ်းသပ် ထုတ်လုပ်နေမှုနှင့် အဆင့်ဆင့် ထုတ်လုပ်သွားမည့် အခြေအနေများ၊ သန့်စင်ဓာတ်ငွေ့များကို ဓာတ်ငွေ့လှောင်ကန်တွင် စုဆောင်းပြီး Gasifier Engine သို့ ပို့လွှတ်ကာ လျှပ်စစ်ထုတ်လုပ်သည့် စနစ်၊ စပါးခွံများ စနစ်တကျ သိုလှောင်နိုင်ရန် သိုလှောင်ရုံများ တည်ဆောက်နေမှု၊ CARBON-BASED ORGANIC NPK FERTILIZER စက်ရုံတည်ဆောက်ရေးစီမံကိန်း လျာထားဆောင်ရွက်နေမှု၊ ရေထိန်းကန်များ၊ ရေသွင်းရေထုတ်မြောင်းများ၊ ရေထိန်းတံခါးနှင့် ငါးမွေးကန်များ တည်ဆောက်ပြီးစီးမှု၊ ဇီဝလောင်စာသုံး စပါးခွံလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဇီဝလောင်စာသုံး Biomass စပါးခွံ အသုံးပြု၍ Steam Turbine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် စက်ရုံတွင် Steam Turbine နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု၊ ခေတ်မီ circular tank (intensive culture) စနစ်ဖြင့် စမ်းသပ်ငါးမွေးမြူနေမှု၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အေးခဲစက်ရုံတွင် အအေးပေးသည့်စနစ်အတွက် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးနေမှုများ၊ Automatic cold storage warehouse စနစ်အတွက် racking system များ တပ်ဆင်နေမှုများနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသကြသည်၊၊
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် အဖွဲ့အား Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်ဥက္ကဋ္ဌက ကုမ္ပဏီအစည်း အဝေးခန်းမ၌ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို စပါးခွံလောင်စာသုံး (Gasifier) မှ (၁၂) မဂ္ဂါဝပ်နှင့် စပါးခွံ လောင်စာသုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားမှ (၃၀) မဂ္ဂါဝပ်ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ငါးမွေးမြူရေးမှစ၍ တန်ဖိုးမြင့်ထုတ်ကုန် အမျိုးမျိုးကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ရောင်းချနိုင်မည့် အခြေအနေ၊ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ သွင်းကုန်အစားထိုး စီမံချက်နှင့် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိရေးအတွက် အထောက်အကူပြုနိုင်မည့် အခြေအနေ၊ ငါး၊ ပုဇွန်မွေးမြူရေး လုပ်ငန်းများနှင့် တိရစ္ဆာန်အစာတောင့် ထုတ်လုပ်မည့် အခြေအနေများ၊ ISO လက်မှတ်ရ ဓာတ်ခွဲခန်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ gasifier engine နှင့် Steam Turbine တို့ဖြင့် လျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် စပါးခွံလိုအပ်ချက်နှင့် ငါးအစာ တောင့်အတွက် ကုန်ကြမ်းလိုအပ်ချက်အပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးသည့် အနေဖြင့် စပါးခွံ လောင်စာအသုံးပြု gasifier engine စနစ် / Steam Turbine စနစ်တို့ဖြင့် (၄၂) မဂ္ဂါ၀ပ်ထုတ်လုပ်နိုင်ရေး စက်တပ်ဆင်လျက်ရှိရာ လျာထား သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် ငါးအစာတောင့် ထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများကို တိုင်းဒေသကြီးမှ ဖြည့်ဆည်းပေးပြီး လုပ်ငန်းအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရေး" ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည်ညောင်တုန်းမြို့နယ် ကျွန်းဦးကျေးရွာအုပ်စုရှိ “ဝါဝါဝင်း” စိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့ ရောက်ရှိပြီး ကုမ္ပဏီစိုက်ခင်းမှ ရိတ်သိမ်းထားသောထွန်းပု၊ GW 11၊ ရက် (၉၀) စပါးများကို စပါးကြိတ်ခွဲစက်အသေးဖြင့်ကြိတ်ခွဲနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ရှင်းလင်းဆောင်၌ ကုမ္ပဏီမန်နေဂျာက “ဝါဝါဝင်း”စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသည့် ငါးမွေးမြူရေးလုပ်ငန်းနှင့်စပါးစိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည်ကုမ္ပဏီဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်