နေပြည်တော် မေ ၁၁
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်းရတနာကုန်သည်များသည် နံနက်ပိုင်းမှ စတင်၍ မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသော ပြည်တွင်းရတနာကုန်သည်များကိုသာ မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် အုပ်စု(C) မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ 
ယနေ့ပြပွဲတွင် အုပ်စု(C) မှ ဆက်လက်ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၂၇၅၁) မှ (၃၇၅၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၉၅၄ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။ 
ယနေ့တွင် အုပ်စု(C) မှ ကျောက်စိမ်းအတွဲအမှတ် (၃၇၅၁) မှ (၄၅၅၀) အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ 
မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၃၇၅၁) မှ (၄၅၅၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲနောက်ဆုံးနေ့တွင် ကြေညာသွားမည်ဖြစ်သည်။ 
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၈၂ တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၉၇ တွဲ၊ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း ၈၈ တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲ၊ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၆၉ တွဲ၊ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၄၂၄ တွဲနှင့် နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၉၅၄ တွဲတို့ကို ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်