ဂျေရုဆလင် မေ ၁၂
ဂါဇာကမ်းမြောင်တောင်ပိုင်းကို အရှိန်မြှင့်တိုက်ခိုက်မှုများပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိစဉ် အစ္စရေးတပ်ဖွဲ့ဝင်များသည်ရာဖာမြို့ရှိ ပြည်သူများအား ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်စာတစ်ရပ် ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ရပ်သည် နိုင်ငံတကာအဖွဲ့များ၏ တုံ့ပြန်မှုကိုဖြစ်ပေါ်စေခဲ့သည်။ အစ္စရေးတပ်မတော်သည် ရာဖာမြို့အလယ်ပိုင်းနှင့် အခြားဒေသများရှိ ပြည်သူများကို မေ ၁၁ ရက်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။
လူပေါင်း တစ်သန်းကျော် ခိုလှုံနေကြသည့် ရာဖာမြို့အရှေ့ပိုင်းရှိ အရပ်သားများကို မြို့တော်မှ ထွက်ခွာရန် အစောပိုင်းက သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ယခုအချိန်အထိ ပြည်သူ ၃၀၀၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။ ပါလက်စတိုင်းပြည်သူများအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အကြီးအကဲက အစ္စရေး၏ ယခုထုတ်ပြန်ခဲ့သည့် အမိန့်စာတစ်ရပ်အပေါ် ပြင်းပြင်း ထန်ထန် တုံ့ပြန်ဝေဖန်ခဲ့သည်။
အစ္စရေး-ပါလက်စတိုင်း စစ်ပွဲစတင်ကတည်းက ဂါဇာကမ်းမြောင်ရှိ ပြည်သူများသည် အသက်ရှင်သန် နေထိုင်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်း အသက်ဘေးနှင့် နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရကြောင်း ပါလက်စတိုင်းပြည်သူများအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီအကြီးအကဲ ဖီလီပီလာဇာရီနီက လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။ ထို့ပြင် ဂါဇာဒေသ၌ လုံခြုံဘေးကင်းသည့် နေရာမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ရာဖာမြို့၌ ပိတ်မိနေသော အရပ်သားများကို ဘေးကင်းသောဇုန်များသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ ချားလီးစ်မစ်ချယ်က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ကြောင်း သိရသည်။ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လေးစားလိုက်နာရန် အစ္စရေးကိုတောင်းဆိုခဲ့ပြီး ရာဖာမြို့၌ မြေပြင်စစ်ဆင်ရေး ဆောင်ရွက်ခြင်းကို ချက်ချင်းရပ်တန့်ရန် အစ္စရေးတပ်မတော်အား ဥရောပကောင်စီဥက္ကဋ္ဌ ချားလီးစ်မစ်ချယ် က တိုက်တွန်းပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်