နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း
ရန်ကုန်၊ မေ ၁၃
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် အပါး (၁၁၂) ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။ 
အခမ်းအနားသို့  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋကပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အာဂုံသဘော ရေးဖြေအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်နှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ၎င်းတို့၏ ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။ 
ရှေးဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ မဟာထေရ် မြတ်ကြီးထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

mdn


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ  ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက  သာရဏီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက်  (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြရာ ပိဋကတ်သုံးပုံ အာဂုံရေးဖြေ အောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊  တိပိဋကနိကာယ ကျောင်းတိုက်မှ အရှင်ပညာသိရီလင်္ကာရနှင့် မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း တိပိဋကနိကာယ ကျောင်းတိုက်မှ အရှင်ဇနိန္ဒတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။ 
ဆက်လက်၍ မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့်  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပဏ္ဍဝါလင်္ကာရ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်အာစာရာလင်္ကာရနှင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်အာနန္ဒပဏ္ဍိတာ လင်္ကာရတို့အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် တို့ကို ဆက်ကပ်လှူဒါန်းသည်။ 
ထို့နောက် မူလအာဘိဓမ္မိက  ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၁ ပါး၊ ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၃ ပါး၊ ဒီဃဘာဏက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၉ ပါး၊ ဝိနယကောဝိဒ  ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၅ ပါး၊ ဝိနယဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၃၁ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၅၁ ပါးတို့အား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်နှင့် ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ 
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။  
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ ၎င်းတို့၏ ဇနီးများနှင့် အလှူရှင်များက တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

 

mdn


(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကသုံးပုံ အာဂုံရေးဖြေအောင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည် အရှင်မြတ် ၁ ပါး၊ ပိဋကနှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မိက  ၅ ပါး၊ ပိဋကနှစ်ပုံ ရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည်အရှင်မြတ် ၃ ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် ဒီဃဘာဏက ဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၉ ပါး၊ ပိဋကတစ်ပုံ ရေးဖြေအောင် ဝိနယကောဝိဒဘွဲ့ရ သာသနာ့ အာဇာနည်အရှင်မြတ် ၅ ပါး၊ ပိဋကတစ်ပုံ အာဂုံအောင် ဝိနယဓရ သာသနာ့အာဇာနည်အရှင်မြတ် ၃၁ ပါး၊ ဝိနည်း(ပထမပိုင်း) ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဝိနည်း(ပထမပိုင်း) အာဂုံအောင် ဥဘတော ဝိဘင်္ဂဓရဘွဲ့ရ သာသနာ့အာဇာနည် အရှင်မြတ် ၅၁ ပါး ၊ စုစုပေါင်း ၁၁၂ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရှိရသည်။ 
ယခု ကျင်းပပြီးစီးခဲ့သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ (၇၆) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့ အာဇာနည် အရှင်သူမြတ် (၁၆) ပါး ပေါ်ထွန်းခဲ့ပြီး ယင်းဘွဲ့တံဆိပ်တော်ကို ရရှိပြီး၍ (၅) နှစ် ပြည့်မြောက်သည့်အခါ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်မှ ဆက်ကပ်သည့်အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ရ ဆရာတော်ကြီး ၁၄ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။ တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံ‌ဆောင် သာသနာ့အာဇာနည် အရှင်သူမြတ် (၅) ပါးလည်း ပေါ်ထွန်းခဲ့ပြီးဖြစ်၍ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့ အာဇာနည်အရှင်သူမြတ်များ ဆက်လက်ပေါ်ထွန်းလာမည့် အလားအလားကောင်းများလည်း ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
သတင်းစဉ်