DMH-WRF Model ၏ ၁၃-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၂-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုအခြေအနေ စတင်ဖြစ်ပေါ်နိုင်ပြီး၊ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပါသည်။ ၂၅-၅-၂၀၂၄ ရက်နေ့ခန့်တွင် အဆိုလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ၊ ၂၇-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏        ၁၃-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ၂၄-၅-၂၀၂၄ ရက်နေ့ခန့်တွင် ပိုမိုအားကောင်းလာနိုင်ကာ၊ ၂၅-၅-၂၀၂၄ ရက်နေ့ခန့်တွင် မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါသည်။

 

အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ၏     ၁၃-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၂-၅-၂၀၂၄ ရက်နေ့ခန့်တွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ ၂၃-၅-၂၀၂၄ ရက်နေ့ခန့်တွင် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ရွေ့လျားနိုင်သည်ကို တွေ့ရှိရပါ သည်။

 

ယခုအချိန်တွင် လေဖိအားနည်းရပ်ဝန်း စတင်အစပျိုးခြင်းမရှိသေးပါ၍ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် Data တို့ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

Crd> မိုး/ဇလ