မေ ၁၄
အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းမဟာရတ်ရှ်ထရာပြည်နယ်တွင် ယမန်နေ့ညနှောင်းပိုင်းက မိုးများရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်ခဲ့သဖြင့် ကြော်ငြာဆိုင်းဘုတ်ကြီး ပြိုကျမှုဖြစ်ပွားခဲ့ရာ ၁၄ ဦးထက်မနည်းသေဆုံးပြီး ၇၅ ဦးနီးပါး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကအတည်ပြုပြောကြားသည်။ အဆိုပါမတော်တဆမှုသည် မွမ်ဘိုင်းမြို့၏ ဂတ်ကိုပါဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခြားမော်တော်ယာဉ်များနှင့်များစွာသောကားများသည် ပြိုကျသောကြော်ငြာဆိုင်းဘုတ်ကြီးအောက်တွင် ပိတ်မိနေပုံကို ဆိုရှယ်မီဒီယာတွင်ပြသထားသည်။ ဓာတ်ဆီဆိုင်ဘေးတွင် ကြော်ငြာဆိုင်းဘုတ်ကြီးကို တပ်ဆင်ထားခြင်းဖြစ်သည်ဟု သိရသည်။ ဒေသတွင်းရဲတပ်ဖွဲ့နှင့် မီးသတ်သမားများသည် ၎င်းဆိုင်းဘုတ်အောက်ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ကြပြီး ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ မွမ်ဘိုင်းရဲတပ်ဖွဲ့သည် တရားမဝင်တပ်ဆင်ထားသော ဆိုင်းဘုတ်ပိုင်ရှင်အား အမှုဖွင့်အရေးယူထားသည်ဟု နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို