နေပြည်တော် မေ ၁၄
ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်းညွှန်ချက်နှင့်အညီ ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)အား အပြီးသတ် စိစစ်လေ့လာဆွေးနွေးကြပြီး ရုပ်ရှင်ဥပဒေတွင် ပြင်ဆင်ရန်လိုအပ်သည့်အချက်များ တွေ့ရှိရသဖြင့် ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို ပြဋ္ဌာန်းရန် လိုအပ်ကြောင်းကို မူအားဖြင့် သဘောတူပြီး ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်သည့် အခန်းနှင့် ပုဒ်မများ များပြားနေသဖြင့် ယင်းအခန်းနှင့် ပုဒ်မများ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ရေးထုံးရေးနည်း မှန်ကန်စေရေးတို့အတွက် ထပ်မံစိစစ်ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)