ရန်ကုန်၊ မေ ၁၉
မကြာမီကာလတွင် မြန်မာနိုင်ငံ၏ မိုးဦးကာလသို့ ရောက်တော့မည်ဖြစ်ရာ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် လူမှုကူညီရေးအသင်းများ ပြင်ဆင်နေကြပြီဖြစ်ကြောင်း ရွှေမေတ္တာ လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်ရွှေလဲ့က ပြောသည်။
မိုးဦးကျကာလတွင် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် လမ်းချော်ခြင်းများ ဖြစ်နိုင်သည့်အတွက် လူမှုကူညီရေး အသင်းများက ၎င်းတို့အသင်းများနှင့် နီးစပ်ရာနေရာများတွင် ကူညီနိုင်ရန်အတွက်ဆေးအိတ် ပြင်ဆင်ခြင်းများကိုလည်း ဆောင်ရွက်နေကြကြောင်း ၎င်းကဆိုသည်။ “မိုးဦးကာလ မိုးကြိုကာလမှာ ကြိုတင်ပြင်ဆင်ရတာက ဘာလဲဆိုတော့ မိုးတိမ်တောင်အဖြစ်များရင် မိုးကြိုးများတယ်။ မိုး၊ လေ ကြမ်းတတ်တယ်။ လွှစက်တို့ ဘာတို့လုပ်ရတာပေါ့။ အသင်းတွေရဲ့ ဦးတည်ချက်တွေထဲမှာက သဘာဝ ဘေးအန္တရာယ်တွေမှာလည်း ပူးပေါင်းပါဝင်ကူညီပေးနိုင်ဖို့၊ အချိန်နဲ့တပြေးညီ ကူညီနိုင်ဖို့လည်းပါတယ်။ အပင်လဲရင်၊ လမ်းတွေ ပိတ်ဆို့ရင် အစ်မတို့လည်း ကိုယ်နိုင်တဲ့နေရာကနေ ကူညီနိုင်ဖို့အတွက် အပင်တွေ ဖြတ်မယ့် လွှစက်တွေ၊ လှေကားလိုမျိုးတွေ လုပ်ရတယ်” ဟု ၎င်းက ဆိုသည်။
မိုးရွာပြီးနောက် အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်သည့်အတွက် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ပစ္စည်းများကို ပြန်လည်စမ်းသပ်ခြင်းများ ပြုလုပ်နေကြကြောင်းလည်းသိရသည်။
“ရေက အမြဲကြီးတာ မဟုတ်ဘူး။ ရေတွေ ပြန်ဆင်းသွားရင် ရေညစ်တွေ ကျန်ခဲ့တတ်တယ်။ ရေညစ်တွေကို စုပ်တာ၊ သန့်တာတွေ ပြန်လုပ်ပေးရတယ်။ စက်ပစ္စည်းတွေ ဖြစ်တဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်တဲ့အချိန် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စမ်းသပ်ထားတာပါ” ဟု ၎င်းက ဆိုသည်။
Htet Oo Maung
