ညွန့်ဝင်း (နတ်တလင်း)
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက သင်ကြားရေးဝန်ထမ်းများ၊ ကျောင်းအုပ်များ၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ထမ်းများကို သင်ကြားမှု၊ အုပ်ချုပ်မှုစွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပြီဖြစ်သည်။ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်မှစ၍ KG မှ Grade 12 အထိ တန်းစေ့ စနစ်သစ်သင်ရိုးပြည့်ဖြင့် စတင်သင်ကြားနိုင်ခဲ့ပြီး ယခုပညာသင်နှစ်တွင် KG+12 ကို တန်းစေ့ စနစ်သစ် ပညာရေးသင်ရိုးဖြင့် ဒုတိယပညာသင်နှစ်အဖြစ် ဖွင့်လှစ်သင်ကြားတော့မည် ဖြစ်သည်။ အဆင့် ဆင့်သော အခြေခံပညာ ကျောင်းများတွင်လည်းလိုအပ်သော အဆောက်အအုံများကို ဘတ်ဂျက်နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် နှစ်စဉ်လိုအပ်မည့် ကျောင်းသုံး စာရေးခုံ၊ ထိုင်ခုံနှင့် ပရိဘောဂများ၊ စာအုပ်စာတမ်းများ၊ မူလတန်းအဆင့် ယူနီဖောင်းဝတ်စုံများ၊ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ၊ ကျောင်းဖွံ့ဖြိုးမှုရန်ပုံငွေ (School Improvement Funds)များ၊ ကျောင်းကျန်းမာရေး အထောက်အပံ့ အစီအစဉ်များနှင့်အတူ ဆောင်ရွက်ထားပြီဖြစ်သည်။
စနစ်သစ်အခြေခံပညာရေးသင်ခန်းစာများကို အတွေးအခေါ်ပိုင်း၊ အတတ်ပညာပိုင်း ဦးစားပေးစနစ်ဖြင့် ဆွေးနွေးသင်ကြားစစ်ဆေးသွားမည်ဖြစ်သည်။ အနာဂတ်လူငယ်များ ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးနှင့် အလုပ်ခွင်အတွက် ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills) နှင့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills ) လိုအပ်ပါသည်။ သင်ယူမှုအတွက် လိုအပ် သော ကျွမ်းကျင်မှုများကို C - ၅ လုံး (5 C’s) ဟု သတ်မှတ်ထားပါသည်။ ယင်း C-၅လုံးမှာ ပူးပေါင်း ဆောင်ရွက်ခြင်း/ အုပ်စုဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း (Collaboration/ Group Work)၊ ဆက်သွယ် ပြောဆိုခြင်း (Communication)၊ လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Critical Thinking and Problem Solving)၊ တီထွင်ဖန်တီးခြင်း (Creativity and Inovation)၊ နိုင်ငံသားကောင်းစိတ်ဓာတ်ရှိခြင်း (Citizenship) တို့ဖြစ်သည်။ ထို C-၅ လုံးကျွမ်းကျင်မှုများ ရရှိအောင် သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များကို အုပ်စုဖြင့် လုပ်ငန်းပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်တတ်ပြီး အတွေးအခေါ်များ မျှဝေခြင်းနှင့် အဖြေရအောင် အတူရှာဖွေတတ်သည့် ကျွမ်းကျင်မှုများ၊ အချင်းချင်းနှုတ်အားဖြင့် ကိုယ်ဟန်အမူအရာအားဖြင့် ဆက်သွယ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်း၊ စကားပြောခြင်း၊ နားထောင်ခြင်း စသည့်ကျွမ်းကျင်မှုများ၊ ပြဿနာများ၏အဖြေများကို ရှာဖွေနိုင်ခြင်းနှင့် အမှားပြင်ဆင် နိုင်ခြင်း ကျွမ်းကျင်မှုများ၊ အတွေးအခေါ် အယူအဆသစ်များ ရှာဖွေခြင်းနှင့် ပြဿနာများကို ဖြေရှင်း တတ်ရန် ဘောင်ခတ်ထားသည့် အခြေအနေမှ ပြင်ပသို့ထွက်၍ တွေးခေါ်နိုင်ခြင်း ကျွမ်းကျင်မှုများ၊ ကျောင်းလူမှုအဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်း၊ တရားမျှတခြင်းနှင့် ပဋိပက္ခ ဖြေရှင်းမည့် စိတ်ဓာတ်ရှိခြင်း ကျွမ်းကျင်မှုများ ရရှိမည်ဖြစ်သည်။
အခြေခံပညာကျောင်းများ အချိန်နှင့် တစ်ပြေးညီ ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနက စီမံ ဆောင်ရွက်မှုများ အဆင်သင့်ပြုလုပ်ထားပြီဖြစ်သည်။ ထိုသို့ စီမံဆောင်ရွက်မှုများတွင် အခြေခံပညာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရေး စီမံချက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မေလ ၂၃ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ကျောင်းအပ် နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေး နှိုးဆော် ဆောင်ရွက်လျက်ရှိပါသည်။ ဇွန်လ ၃ ရက်နေ့တွင် နယ်မြေအေးချမ်းသာယာသည့်ဒေသရှိ အခြေခံ ပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရန် အဆင့်ဆင့် တာဝန်ယူဆောင်ရွက်နေပါသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားတို့၏ ပညာရည်ဖွံ့ဖြိုးမှုတိုးတက်မှုအပေါ်တွင် များစွာ မူတည်သည်။ ပညာမြင့်မှ လူမျိုးတင့်မည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ပညာမြင့်ရန် ပညာရေး၏ နိဒါန်း အစဖြစ်သော အခြေခံပညာရေးမှစ၍ စနစ်တကျ မြှင့်တင်ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့နိုင်ငံ၏ မျိုးဆက် တစ်ခုလုံး ပညာရည်မြင့်မားမှသာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံလူ့ဘောင်ကို ဖော်ဆောင်နိုင်ပေမည်။ တစ်မျိုးသားလုံး ပညာရည်မြင့်မားအောင်ဆောင်ရွက်ရာ၌ အခြေခံပညာရေးသည် ပဓာနကျသည်။ အခြေခံ ပညာရေးသည် ပညာရေးအဆောက်အအုံကြီး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အခြေခံ ပညာရေး အုတ်မြစ်ခိုင်မာ တောင့်တင်းမှသာ တစ်သက်တာပညာရေး အဆောက်အအုံကြီး တိုးတက်ကောင်းမွန် နိုင်ပေသည်။ အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ အခြေခံပညာရေး ပြည့်ဝကောင်းမွန်အောင် နိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူများက အခြေခံပညာရေးကို တိုးတက်အောင်မြင်အောင် ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရပေမည်။ တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏ဆိုသကဲ့သို့ အားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းကြမည် ဆိုလျှင် အခြေခံပညာကဏ္ဍ ပညာရေးရည်မှန်းချက်များ အောင်မြင်တိုးတက်လာမည်ဖြစ်သည်။
ပညာနှင့်ပတ်သက်၍ မြန်မာအဘိဓာန်၌ ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်၊ အတတ်ဟူ၍ ပညာကို ဖွင့်ဆိုထားပါသည်။ စာသည် ပညာ မဟုတ်သော်လည်း စာတတ်မှသာ ပညာရပ်များကို လေ့လာသင်ယူနိုင်သည်။ အသိပညာ၊ အတတ်ပညာများကို လိုသလိုလေ့လာနိုင်သည်။ ထိုသို့လေ့လာသင်ယူနိုင်မှ အသိပညာ၊ အတတ်ပညာများ မြင့်မားတိုးတက်လာမည်။ အသိပညာမြင့်မားသည်နှင့် အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည်။ မှန်ကန်သော အတွေးအခေါ်နှင့် မှန်ကန်သော လုပ်ရပ်ကို လုပ်ကိုင်နိုင်သည်။ ထို့ကြောင့် အခြေခံပညာရေးတွင် သင်ကြားလေ့ကျင့်ပေးမည့် ဘာသာရပ်များ (စာပေများ) သည် ကျောင်းသား ကျောင်းသူတိုင်း မဖြစ်မနေသင်ယူရမည့် ဘဝလိုအပ်ချက်များဖြစ်သည်။ ပညာတတ်သူ၏ အတွေးအခေါ်၊ လုပ်ရပ်များသည် ပညာမတတ်သူ၏အတွေးအခေါ်၊ လုပ်ရပ်များ နှင့် မတူနိုင်ပေ။ ပညာတတ်သူသည် အကြောင်းကိစ္စ တစ်ခုကို တွေ့ကြုံရင်ဆိုင်ရသည့်အခါ အခြေအမြစ်ကျကျ လေ့လာ၍ စဉ်းစားတွေးခေါ်သည်။ ၎င်းမှရရှိ သည့် အချက်အလက် အတွေးအခေါ်များအပေါ် မူတည်၍ အမှန်အမှား ခွဲခြမ်းစိတ်ဖြာသည်။ အမှန် အမှားခွဲခြားပြီးနောက် အမှားကိုပယ်ပြီး အမှန်လမ်းစဉ်အတိုင်းလျှောက်လှမ်း၍ မှန်သောအလုပ်များကို လုပ်ကိုင်သည်။ ထို့ကြောင့် ထိုသူ၏ဘဝသည် တိုးတက်မြင့်မားလာသည်။ ပညာမတတ် သူသည် အကြောင်းကိစ္စမှန်သမျှကို ဂဃနဏ မစဉ်းစားမတွေးခေါ်နိုင်။ ထိုသို့မတွေးခေါ်နိုင်သဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် အရာရာကို စဉ်းစားတွေးတော ဆင်ခြင်မှုမလုပ်တော့ဘဲ ဆင်ကန်းတောတိုးပြုမူလုပ်ကိုင်သည်။ ဟုတ်လေနိုးနိုး မှန်လေနိုးနိုး ဖြင့် မှန်းဆရမ်းရော်လုပ်ကိုင်၍ အလွဲလွဲအမှားမှား တို့ဖြစ်ကာ အောင်မြင်တိုးတက်သောဘဝကို မရချေ။
မိဘတို့သည် သားသမီးတို့ကို မွေးဖွားပေးရုံ၊ ကျွေးမွေးစောင့်ရှောက်ပေးရုံနှင့် တာဝန်မကျေပါ။ မိမိ၏ သားသမီးကို လိမ္မာယဉ်ကျေးအောင်၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံအောင် လမ်းညွှန်သင်ကြား ပေးနိုင်ရမည်။ တစ်နည်းအားဖြင့် အသိပညာ၊ အတတ်ပညာ အရည်အသွေးမြင့်မားပြီး အောင်မြင်သောဘဝကို တည်ဆောက်နိုင်သူဖြစ်အောင် သင်ယူလေ့ကျင့်စေရမည်။ ထိုသို့ သင်ယူလေ့ကျင့်နိုင်ရန် အခြေခံကျသော ပညာရေးသည် အလွန်အရေးပါသည်။ ထို့ကြောင့် ပညာရယူနိုင်မှု၏ နည်းလမ်းအခြေခံဟု ဆိုနိုင်သော အခြေခံပညာရေးကို သင်ယူတတ်မြောက်နိုင်အောင် မိမိ၏သားသမီးကို အချိန်မီကျောင်းပို့နိုင်ရေးသည် မိဘတိုင်း လုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်။ အခြေခံပညာ ကျောင်းများသို့ အပ်နှံသင်ကြားနိုင်ရေးအတွက် မိဘများနှင့် ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်အစိုးရကများစွာကူညီ ထောက်ပံ့ပေး လျက်ရှိသည်။ အခြေခံပညာကဏ္ဍ၏ ပညာရေး အဆောက်အအုံ လိုအပ်ချက်များ၊ စာအုပ်စာတမ်းနှင့် စာရေးကိရိယာများ၊ ကျောင်းအလိုက် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကို ပထမအကြိမ်၊ ဒုတိယအကြိမ်ဟူ၍ ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ်ခွဲခြားသတ်မှတ်ပေးအပ် ထောက်ပံ့လျက်ရှိရာ ဆင်းရဲချမ်းသာ လူတန်းစား မရွေး အခြေခံပညာကို သင်ယူနိုင်ပေသည်။ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးနိုင်ရန် စီမံထားခြင်းဖြစ်၍ ကျောင်းသား ကျောင်းသူတိုင်း မပူမပင် မကြောင့်မကြ တက်ရောက်သင်ယူနိုင်ပါသည်။ နိုင်ငံတော်က မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက် နေ့အထိ ယခုနှစ်ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပေးထားပါသည်။ ထို့ကြောင့် အုပ်ထိန်းသူ မိဘတို့၏တာဝန်မှာ မိမိတို့၏ သားသမီးများ အနာဂတ်အရေးကို တွေးခေါ်မြော်မြင်လျက် မှန်ကန်သော အသိအမြင်များနှင့်အချိန်မီ ကျောင်း အပ်နှံ၍ ပညာသင်ကြားစေရန်သာရှိပေသည်။
မြန်မာနိုင်ငံ နယ်ချဲ့တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့စဉ်က မြန်မာ့ပညာရေးကို ဖိနှိပ်ခံခဲ့ရသည်။ ပညာသင်လိုသူတိုင်းပညာသင်ခွင့်မရှိပေ။ နယ်ချဲ့တို့ကလည်း မြန်မာတို့ ပညာတတ်မည်ကို မလိုလားပေ။ ပညာတတ်၍ အသိဉာဏ်ပွင့်လင်း လာပါက မိမိတို့ကို ပြန်လည်ခုခံခြင်း၊ ဖိနှိပ် အုပ်ချုပ်မရခြင်းတို့ဖြစ်မည်ကို နယ်ချဲ့တို့သိသော ကြောင့် ဖြစ်သည်။ သို့သော်လည်း မျိုးချစ်မြန်မာ တို့က အမျိုးသားကျောင်းများတည်ထောင်၍ ပညာ သင်ခဲ့ကြသည်။ ပညာတတ်မှ သူ့လက်အောက် မကျမည်ကို မြန်မာတို့ ကောင်းကောင်းသိခဲ့ကြသည်။
ထို့ကြောင့် မြန်မာတိုင်းရင်းသားတိုင်း ပညာသင်ကြားနိုင်ရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ကို သမိုင်းတွင် တွေ့နိုင်သည်။ ယနေ့အချိန်တွင်လည်း ပြည်တွင်း၊ ပြည်ပ အဖျက်သမားများက ကျောင်းများ မဖွင့်နိုင်အောင်၊ ကလေးသူငယ်များ ထိတ်လန့်ကြောက်ရွံ့အောင် မမှန်မကန်ကောလာဟလ သတင်းများဖြန့်၍ ကျောင်း မတက်စေရန်၊ ကလေးအများစု ကျောင်းမရောက်စေရန် ဖန်တီးလှုံ့ဆော်လျက်ရှိသည်။ နိုင်ငံတော်ကလည်း ပညာသင်ကြား ရေးကို ခြိမ်းခြောက်လျက်ရှိသော အဖျက်ရန်မှန်သမျှကို တပ်မတော်နှင့် ပြည်သူလက်တွဲလျက် ချေမှုန်း ဖယ်ရှားလျက်ရှိသည်။ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသော ဒေသများကိုလည်း တည်ငြိမ်းအေးချမ်းမှု ရရှိကာ ပညာရေးနှင့် အခြားလူမှုစီးပွားရေးပုံမှန်လည်ပတ်နိုင်ရန် အထူးအလေးထား ဆောင်ရွက် လျက်ရှိသည်။ မိဘပြည်သူများသည် အဖျက်သမားများ၏ ဖျက်လိုဖျက်ဆီးဉာဏ်ဖြင့် ကောလာဟလ ထုတ်လွှင့်ခြင်း၊ ပညာသင်ကြားရေးနှောင့်နှေးအောင် ပြုမူကြံစည်ခြင်းတို့ကို စည်းလုံးညီညွတ်သောအသိ၊ တွေးခေါ် မြော်မြင်တတ်သော အသိတို့ဖြင့် ထိုးဖောက်ကာ မပျက်မကွက် ပညာသင်ကြား နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြရပေမည်။
မကြာမီကာလတွင် ဝသန်ကာလ မိုးဦးကျအချိန် သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ မုတ်သုံမိုးများ လည်း အေးချမ်းအောင် ဆွတ်ဖျန်းရွာသွန်းတော့မည် ဖြစ်သည်။ မိုးရေဆွတ်ဖျန်းမှုကြောင့် သစ်ပင်ပန်းမာ လာတို့သည် ရွက်နုရွက်သစ်များ အစီအရီ ထွက်လာကြ တော့မည်ဖြစ်သည်။ မကြာမီ အရောင်အသွေး စုံသော၊ ရနံ့သင်းသော ပန်းကလေးများအဖြစ် ဖူးပွင့်လာကြတော့မည်ဖြစ်သည်။ ထို့အတူအနာဂတ်၏ လောကအလှကို ဆင်ယင်ပေးမည့် ပန်းကလေးများဖြစ်သည့် ကျွန်ုပ်တို့၏ ရင်သွေးငယ်တို့သည်လည်း ဩဇာနို့ရည်ဖြစ်သော ပညာရည်နို့များ သောက်စို့ခွင့်ရကာ အလှဆုံးပန်းကလေးများ အဖြစ် ရှင်သန်ဖူးပွင့် လာကြပေတော့မည်ဖြစ်ရာ အဖျက်အမှောင့်ပိုးမွှားများ ကင်းရှင်းစွာဖြင့် ရှင်သန်ဖူးပွင့်လာနိုင်စေရန် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် မိဘဆရာ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းအားဖြည့်ကူညီ၍ လှုပ်ရှားဆောင်ရွက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်း လိုက်ရပေသည်။ ။
ကိုးကား -
၁။ ပညာရေးဌာန ညွှန်ကြားချက်များ။
၂။ ကျောင်းအပ်နှံရေး စီမံချက်များ။