မြင့်ဦး (မြိတ်)
သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ဖို့အတွက် မြိတ်ကျွန်းစုဒေသအတွင်းရှိ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ ဒီရေတောတွေက ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။ ဒီရေတောတွေဟာ ကမ်းရိုးတန်း ဒေသများရှိ ဒီရေအတက်တွေမှာ သဘာဝအလျောက်ပေါက်ရောက်ပြီး ဆားအငန်ဓာတ်ကိုခံနိုင်တဲ့ သစ်တော ဂေဟစနစ်တစ်ခု ဖြစ်ပါတယ်။
မြိတ်ကျွန်းစုဒေသအတွင်းမှာလည်း ဒီရေတောတွေဟာ ပင်လယ်ပြင်ကမ်းရိုး တန်းတစ်လျှောက်နဲ့ ရိုးချောင်းတွေမှာ ပေါက်ရောက်နေပြီး ဒေသခံဌာနေ တိုင်းရင်းသားတွေအတွက်လည်း များစွာ အကျိုးပြု နေပါတယ်။ ဒီရေတောတွေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုလုပ် ကိုင်နေကြတဲ့ဒေသခံတွေဟာ ဒီရေတော အတွင်း ကဏန်းများ ကောက်ယူရောင်းချတာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေရတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က ဒီရေတောတွေထဲမှာ ညပိုင်းကဏန်းချေးပုန်းကောက်တဲ့ အလုပ်လုပ်ပါတယ်။ ဒီရေတောတွေက တစ်ဖြည်းဖြည်း နည်းပါးလာတဲ့အတွက် အခုဆိုရင် ကဏန်းချေးပုန်းတွေလည်း ရှားပါးလာပါတယ်။ တစ်ညလုံးမအိပ်ဘဲကောက်ရင် ခုနစ်ပိဿာကနေ ရှစ်ပိဿာလောက်ရရှိပါတယ်။ အရင်ကဆိုရင် တစ်ညကို ၁၀ ပိဿာကျော်လောက်အထိ ကောက်လို့ရတယ်။ ဒီရေတောတွေ နည်းလာတော့ ရေသတ္တဝါလေးတွေလည်း အသက်ရှင်တာနည်းလာသလို၊ တချို့သတ္တဝါတွေလည်း မရှိတော့ဘူး။ ဒီရေတောတွေကို လာခုတ်တဲ့သူတွေ အများကြီးရှိတယ်။ သစ်လုံးငယ်လေးတွေကို လှေကြီးတွေနဲ့ အပြည့်တင်ပြီး တခြားဒေသကို သယ်ယူနေကြပါတယ်။ ဒီလိုခုတ်နေရင် ဒီရေတောတွေ ပြုန်းတီးပြီး စားဝတ်နေရေးအတွက် အခက်အခဲရှိလာနိုင်ပါတယ်” ဟု ကျွန်းစုမြို့နယ် ရေကန်အော်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီရေတောတွေဟာ ကုန်းတွင်းပိုင်းနဲ့ပင်လယ်ဆက်စပ် ဒေသတွေမှာလည်း ပေါက်ရောက်တာကြောင့် ကုန်းတွင်းပိုင်း ဂေဟစနစ်နဲ့ အဏ္ဏဝါဂေဟစနစ်နှစ်မျိုး လုံး ပါဝင်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။
“ကဏန်း ချေး ပုန်း အကောင် အကြီး တစ် ပိဿာ ကျပ် ၂၂၀၀ ရတယ်။ အကောင် သေးရင် တစ် ပိဿာကို ၁၀၀၀ ကျော်ပဲပါတယ်။ အကြီးတစ်ပိသာရဖို့အတွက် ၄၅ ကောင် ကောက်ယူရတယ်။ အငယ်ကတစ်ပိဿာရဖို့ ၆၅ ကောင်အထိ ကောက်ယူရပါတယ်။ တစ်ညလုံးကောက်တာတောင် ပျမ်းမျှငွေကျပ် ၁၆၀၀၀ ကျော်လောက်တော့ ရပါတယ်။ ဒီရေတောတွေ ပြုန်းတီးပြီး မြေပြင်တွေ ခြောက်သွေ့လာတော့ ကဏန်းတွေလည်း အသက်ရှင်နိုင်မှု နည်းပါးလာနေပြီ” ဟု ကဏန်းကောက်၍ အသက်မွေးဝမ်းကျောင်းပြုနေသူ တစ်ဦးက ဆိုသည်။
ဒီရေတောတွေကိုခုတ်ပြီးကိုယ်ကျိုး စီးပွားရှာသူ များပြားလာနေတဲ့အတွက် ဒီရေတောအတွင်းပိုင်း နေရာတွေမှာ ပြုန်းတီးလာနေပြီဖြစ်တဲ့အကြောင်းကိုလည်း ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာ တော့ ဒီရေတောတွေကနေ မျောတိုင်ခုတ်ယူခြင်း၊ အုတ်ဖုတ်ဖို့ ခုတ်ယူခြင်း၊ မီးသွေးဖုတ်ကာ ပြည်ပသို့ တင်ပို့ခြင်း၊ စီးပွားရေးလုပ်ငန်းအတွက် ခုတ်ထွင်ခြင်း၊ မွေးမြူးရေးကန်ကြီးတွေကြောင့် ခုတ်ထွင်ခြင်းများ ပြုလုပ်ခဲ့တာကြောင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် အထိဒီရေတောဧက ၁၆၀၀၀၀ ကျော် ပြန်းတီးခဲ့ပြီးဖြစ်ကြောင်း စာရင်းဇယားများအရ သိရပါတယ်။
မြိတ်ကျွန်းစု ဒေသအတွင်းမှာ ကဏန်းချေးပုန်းတွေကို တစ်နှစ်ပတ် လုံးကောက်ယူရပြီး ရေကန်အော်၊ ရေကန်တောင်၊ ကလိမ်ဘဲ၊ ငါးမန်ချောင်း တောင်၊ မိုင်းသွေး၊ ရှော့တောမော်၊ ရေငန် ကြီးစတဲ့ ပင်လယ်ပိုင်းက ကျေးရွာတွေက ဒေသခံတွေက အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်ကြပါတယ်။
ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝတာဟာ ဒီရေတောရဲ့ ထူးခြားချက်ကတော့ ငါး၊ ပုစွန်၊ ခရု၊ ယောက်သွား၊ မိချောင်းကဲ့သို့ ရေနေသတ္တဝါတွေ ကျက်စားကြသလို ဆင်၊ ကျား၊ ဒရယ်၊ တောဝက်၊ မျောက် စတဲ့ ကုန်းနေသတ္တဝါတွေလည်း ရှင်သန်ကျက်စား နိုင်ကြတဲ့အပြင် လူသားတို့ အတွက်ထင်း၊ မီးသွေး၊ သစ်၊ တိုင်၊ မျော၊.ဓနိ စသည့်သစ်တောထွက်ပစ္စည်းတွေ ရရှိသုံးစွဲခြင်းနဲ့ ငါး၊ ပုစွန်၊ ကဏန်းနဲ့ အခွံမာ ရေနေ သတ္တဝါတွေဟာလည်း လူသားတို့ရဲ့ အာဟာရရိက္ခာအတွက် အထောက်အကူပြုလျက် ရှိနေပါတယ်။
ဒါတင်မကသေးပါဘူး။ လယ်ကွင်း တွေအတွင်းသို့ ဆားငန်ရေဝင်ရောက်မှုမှ ကာကွယ်ပေးခြင်း၊ ကမ်းပါးပြိုကျမှုမှ ကာကွယ်ပေးခြင်းနဲ့ သဘာဝအလျောက် ဖြစ်ပွားတတ်တဲ့ မုန်တိုင်းတွေနဲ့ ကြီးမား တဲ့ ဒီရေလှိုင်းတွေ ဒဏ်မှလည်း အကာအကွယ်ပေးနေသလို အခြားသစ်တောတွေထက် ကာဗွန်စုပ်ယူ သိုလှောင်ထားနိုင်မှု အဆများစွာ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဒီရေတောတွေ ထိန်းသိမ်းနိုင်ဖို့ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောတွေအဖြစ် ဧရာဝတီတိုင်း ဒေသကြီးမှာ ရှစ်ခု၊ ရခိုင်ပြည်နယ်မှာ နှစ်ခု၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၁၁ခုနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ သုံးခု သတ်မှတ်ထားပြီး ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံး ဒီရေတောအကျယ်အဝန်း စုစုပေါင်း ၁၁၄၃၉၈၄ ဧက ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
ဒါ့ကြောင့် လူသားတွေကို အကျိုးပြုနေတဲ့ ဒီရေတောသစ်ပင်တွေကို နှစ်စဉ် အစားထိုးစိုက်ပျိုးမှုတွေအပြင် ဒီရေတော တွေပြုန်းတီးခြင်းမရှိအောင် ဝိုင်းဝန်း ထိန်းသိမ်းကာကွယ်ကြဖို့ ဆန္ဒပြု တိုက်တွန်းလိုက်ရပါတယ်။