တာမွေ မေ ၂၀

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဘုရင့်နောင်လမ်းမကြီးနှင့် ကန်သာယာ(၁)လမ်းထောင့်ရှိ ရေကန်အား အများပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်စေရန် ပြုပြင်ဆောင်ရွက်နေမှုနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါးတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၅)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးနှင့် ကန်သာယာ(၁)လမ်းထောင့်ရှိ ရေကန်အား အများပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်စေရန်နှင့် ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်အတွက် ကန်ပတ်လမ်းအား ကွန်ကရစ်ခင်းကျင်းဆောင်ရွက်နေမှု၊ ရေကန်၏ ခြံစည်းရိုးအပြင်ဖက်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူဖော်ဆောင်ရွက်နေမှု၊ ရေကန်ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကန်၏ဘေးတွင် အားကစားပစ္စည်းများနှင့် အများပြည်သူများ သက်တောင့်သက်သာ အပန်းဖြေအနားယူနိုင်စေရန် ထိုင်ခုံများထားရှိရေး၊ ရေကန်ပတ်လည်အနီးရှိ မြင်ကွင်းများ ရှင်းလင်းစေရန်အတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဆောင်ရွက်ရန်၊ ရေကန်ပတ်လည် လျှောက်လမ်းနှင့် ခြံစည်းရိုးကြား မြေကွက်လပ်နေရာများတွင် မြေဖို့ခြင်းနှင့် အလှပန်းပင်/မြက်ပင်များ စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ Solar မီးတိုင်များ စိုက်ထူသွားရန်နှင့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေထိန်းတံခါးကြံ့ခိုင်ရေး၊ ရေထိန်းတံခါး အနီးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးအတွက် စနစ်တကျဆောင်ရွက်ရန်နှင့် ရေထိန်းတံခါးအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် နုန်းများ၊ အမှိုက်သရိုက်များနှင့် ဒိုက်များကို လူအား၊ စက်ယန္တရားအားများဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)