တွံတေး မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ဆံကေသာဓာတု ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော တွံတေးမြို့ကျက်သရေဆောင် သာသနာ့သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲကို ၁၃၈၆ ခုနှစ် ကဆုန်လပြည့် မေ ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ အဆိုပါစေတီတော်ရင်ပြင်ရှိ ဗောဓိပင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေဆံတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းအတွက် နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသောနေ့သည်လည်း ကဆုန်လပြည့်နေ့ ဖြစ်သည်။ ဤနေ့တွင်ပင် ဂေါတမမြတ်စွာဘုရားလောင်းတော် သိဒ္ဓတ္တမင်းသား ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ပွင့်တော်မူသောနေ့၊ ဗုဒ္ဓဝင်အကျဉ်း ဟောတော်မူသောနေ့၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များသည် ကဆုန်လပြည့်နေ့ပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း (၇၀၀) ခန့်က ဥဇနမင်းကြီးလက်ထက်ကတည်းက ညောင်ရေသွန်းပူဇော်ပွဲတော် ကျင်းပလာသည်မှာ ယနေ့တိုင်ဖြစ်သည်။ အေးမြသော ရေစင်ရေကောင်းဖြင့် သွန်းလောင်းပူဇော်ခြင်းဖြစ်သည့်အတွက် ကာလဒါနလည်းဖြစ်သည်။ လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးချမ်းသာ ရရှိနိုင်သော ကုသိုလ်ကောင်းမှုဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်များ ဘာသာရေးယဉ်ကျေးမှုတစ်ခုအဖြစ် ယနေ့တိုင်း သားစဉ်မြေးဆက် မပျက်မကွက် ကျင်းပလာခြင်းဖြစ်ကြောင်း ရွှေဆံတော်ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မြို့ပေါ်ရပ်ကွက်များရှိ ဘုရားဖူးလာပြည်သူအပေါင်းအား အလှူရှင်များမှ စတုဒိသာကျွေးခြင်းများ၊ အအေးတိုက်ခြင်းများနှင့် ဒါနပြုကြပြီး ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းကြမည်ဖြစ်ကာ ရဟန်းရှင်လူ ပြည်သူများလည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်အား ပါဝင်ကုသိုလ်ပြုနိုင်ပါရန် ရွှေဆံတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။
တွံတေးသား