၂၀၂၄ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
နေပြည်တော် မေ ၂၂
၂၀၂၄ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့က နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသည့် ဆရာတော်၊ သံဃာတော် ၃၆ ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဆီမီးကပ်လှူပူဇော်
အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်သည်။
ပရိတ်တရားတော်များနာယူ
ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးထံလည်းကောင်း၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီးထံလည်းကောင်း၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီးတို့က ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံ လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီးတို့က နိုင်ငံတော် ဩဝါဒါစရိယ တပ်ကုန်းမြို့ မဟာသီဟ နာဒကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏထံ လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသည့် အကြီးအကဲများနှင့် ဇနီးများက ဆရာတော်ကြီးများထံ လည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်