ပြစ်မျိုးမှဲ့မထင် နုပျိုသစ်လွင်သည့် ကလေးသူငယ် လူငယ်လူရွယ်လေးများမှာ ကျက်သရေမင်္ဂလာ အဖြာဖြာရှိလှပါသည်။ ကလေးကျက်သရေ၊ လူငယ်တို့၏ ဂုဏ်ရည်တို့မှာ လူကြီးများအတွက် နှလုံးစိတ်ဝမ်းချမ်းမြေ့စရာ ဖြစ်သည်။ အဖြူရောင်သက်သက် လင်းလက်တောက်ပနေသည့် ကလေးသူငယ် လူငယ်လူရွယ်တို့ကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးနိုင်မှ တိုင်းပြည်နှင့် မျိုးဆက်သစ်တို့၏ အနာဂတ်မှာ လှပနေမည်ဖြစ်ပါသည်။
ယနေ့ကမ္ဘာပေါ်ရှိ ကလေးသူငယ်နှင့် လူငယ်လူရွယ်လေးများကို လေ့လာကြည့်ရာ၌ နုပျိုလန်းဆန်း လှုပ်ရှားတက်ကြွသည့် စိတ်အခြေခံဖြင့် ရှေ့သို့တက်လှမ်းနေကြသည်ကို သိနိုင်ပါသည်။ လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည့် လူငယ်လူရွယ်လေးများကိုကြည့်လျှင် ပတ်ဝန်းကျင်အခြေခံ အကြောင်းတရားအပေါ်တွင်မူတည်၍ ကောင်းမွန်သော အကြောင်းအမျိုးမျိုးတို့တွင် ဖြတ်သန်းနေကြသူများရှိသလို မရေရာသော အခြေအနေဘဝများနှင့် အချည်းနှီးဖြစ်နေကြသူများလည်းရှိသည်။ တိုးတက်ပြောင်းလဲနေသော အခြေအနေအရ ပျက်စီးလွယ်သည့် အကြောင်းအမျိုးမျိုးတို့လည်းရှိနေသည်။ ထို့ကြောင့် ကလေးသူငယ် လူငယ်လူရွယ်တို့ကို အလေးအနက်ထား၍ ပြုစုပျိုးထောင်ပေးကြရပါမည်။
လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ရာ၌ စဉ်ဆက်မပြတ် ပညာသင်ကြား သွန်သင်အမှာစကားနှင့် လေ့လာဆည်းပူးမှုများရှိနေရပါမည်။ ပညာသင်ချိန်အရွယ်တွင် ကျောင်းတက်ပညာဖက်ပြီး ကြိုးစားအားထုတ်နေရမည်ဖြစ်သလို ကျောင်းပိတ်ရက် အားလပ်သည့်အချိန်များ၌လည်း အကျိုးရှိရာအကျိုးရှိကြောင်း လေ့လာသင်ယူ ဆည်းပူးမှုများရှိနေရပါမည်။ ပညာသင်ချိန်ပြင်ပ အားလပ်သည့်အခါများ၌ ကြက်ခြေနီလူငယ်၊ ပရဟိတလူငယ်၊ ကင်းထောက်လူငယ်၊ အားကစားလူငယ်၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် စသည့်ပတ်ဝန်းကျင်ကောင်းများတွင် ကျင်လည်ကြသည့် လူငယ်များ၏ ပုံရိပ်များမှာ ကျက်သရေမင်္ဂလာရှိလှပါသည်။
နိုင်ငံတော်အစိုးရက လူငယ်များ၏ ပညာရေး၊ လူမှုရေး၊ အမျိုးသားရေး၊ စာရိတ္တ မဏ္ဍိုင်မြင့်မားရေး စသည့်လုပ်ငန်းများကို နိုင်ငံတော် တာဝန်ယူဆောင်ရွက်သည့် အချိန်မှစ၍ အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ပညာရေးကဏ္ဍ မြှင့်တင်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်နေသည့်အပြင် ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူလေးများ အနာဂတ်ကိုမျှော်မှန်းပြီး ပြည်ပသို့ ပညာသင်များ စေလွှတ်ပေးလျက်ရှိသည်။
ပြည်တွင်း၌ ကျောင်းအားလပ်ရက်ကာလများတွင် အကျိုးရှိထိရောက်စေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများ အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းများသို့ တစ်လတာတက်ရောက် လေ့လာဆည်းပူးခဲ့ကြသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။ အဆိုပါလူငယ်လူရွယ်လေးများကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် နွေးထွေးစွာတွေ့ဆုံအားပေးခဲ့သဖြင့် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ရသည်။ “နွေရာသီ အားလပ်ရက်များကို အကျိုးမဲ့မဖြစ်စေဘဲ ယခုကဲ့သို့ သင်တန်းတက်ရောက်ခဲ့ခြင်းကြောင့် ရရှိသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ခင်မင်ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းပြီး ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူသွားကြရန်၊ မှန်ကန်သည့် အသိအမြင်များရရှိရန် စာကောင်းပေမွန်များကို ဖတ်ရှုပြီး မိဘဆရာသမားများ၏ ပြောဆိုဆုံးမမှုများအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ မိမိတို့နေထိုင်ရာ နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် နောင်တစ်ချိန်တွင် တိုင်းပြည်ကအားကိုးအားထားပြုရမည့် သားကောင်း သမီးကောင်း ရတနာများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြပါ” ဟု နိုင်ငံတော်အကြီးအကဲက တိုက်တွန်းမှာကြားခဲ့သည်။
သင်တန်းတက်ရောက်ခဲ့ကြသော လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူ အားလုံးတို့ကို ကျေးဇူးတင်ရှိကြပြီး ဤသို့သင်တန်းတက်ရောက်ခွင့် ရခဲ့ကြသဖြင့် အချင်းချင်းစည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေပြီး အမျိုးသားညီညွတ်ရေးအသိ၊ အမျိုးသားညီညွတ်ရေးသတိနှင့် အမျိုးသား ညီညွတ်ရေးတန်ဖိုးဟူသည့် အသိပညာများကို လက်တွေ့သိမြင်ခွင့်ရခဲ့ကြသည်။ အမိနိုင်ငံတော်ကြီး၏ အနာဂတ်အတွက် လေးနက်ပြည့်ဝသည့် ပြည်ထောင်စုသွေး၊ ပြည်ထောင်စုစိတ်ဓာတ်များ ထက်သန်စီးဆင်းဖြစ်ပေါ်ခဲ့ရသည့်အတွက် နိုင်ငံတော်နှင့် လူငယ်မောင်မယ်များအတွက် တန်ဖိုးကြီးမားပြီး အဓိပ္ပာယ်ရှိသည့် အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းစေသော သင်တန်းများဖြစ်ကြောင်း လူငယ်မောင်မယ်များက ဖွင့်ဟပြောကြားခဲ့ကြသည်။
သို့ဖြစ်ရာ နိုင်ငံတော်က နွေရာသီကျောင်းပိတ်ရက်ကာလတွင် အကျိုးရှိထိရောက်စေသော ဤကဲ့သို့ သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးခဲ့သဖြင့် လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်ကအားထားရသည့် ဘာသာရပ်အလိုက် သက်ဆိုင်ရာပညာရှင်များ၊ နိုင်ငံတော်အကျိုးစီးပွားအတွက် ထိရောက်စွာ စွမ်းဆောင်ပေးနိုင်သည့် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် အစဉ်ကြိုးပမ်းသွားကြမည် ဖြစ်ကြောင်းနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်း စွမ်းဆောင်သွားလိမ့်မည်ဟု ယုံကြည်ပါကြောင်း။     ။