နေပြည်တော် မေ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့ မွန်းလွဲပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များအား အသီးသီးတင်ပြ
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ထုတ်ကုန်များထုတ်လုပ်နိုင်မှု၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုအခြေအနေများနှင့် ပညာရေးဆိုင်ရာအချက်အလက်များ၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် သီးထပ်စွမ်းအားများ တိုးတက်စေရေး၊ ဝါသီးနှံနှင့် ဆီထွက်သီးနှံအောင်မြင် ဖြစ်ထွန်းမှုရှိစေရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ယခုထက်ပိုမို အောင်မြင်ဖြစ်ထွန်းစေရေး ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး အသိပညာတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အလိုက် မြေအသုံးချနိုင်မှုအခြေအနေများနှင့် သီးနှံအလိုက် စိုက်ပျိုးမှု၊ ထွက်ရှိမှုစာရင်းများ တိကျမှန်ကန်စွာ သိရှိနိုင်ရေး ကွင်းဆင်းကောက်ယူနိုင်မှု၊ တိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောစိုက်ခင်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် တိုင်းဒေသကြီးအဆင့်၊ ဦးစီးဌာနအလိုက် လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ပြန်လည်ဖြည့်စွက်ရှင်းလင်း
တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီတို့က သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပြန်လည်ရှင်းလင်းပြောကြားရာ၌ တင်ပြချက်များတွင် ပါဝင်သည့် တိုင်းဒေသကြီးအဆင့်၊ ဦးစီးဌာနအလိုက် လိုအပ်ချက်များကို သတ်မှတ်ချက်များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်ကုန်ထုတ် လုပ်မှုလုပ်ငန်းများတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့အဝန်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် အထူးဇုန်များသတ်မှတ်၍ သစ်တောစိုက်ခင်းများကို အထူးစီမံချက်များဖြင့် စိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင် မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဇုန်တွင်ပါဝင်ပြီး ယခုနှစ်တွင် ရာသီဥတုသည် သိသိသာသာပိုမိုပူပြင်းလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များသည် ကမ္ဘာ့အပူဆုံးမြို့များ စာရင်းအတွင်း၌ပါဝင်သည်ကို တွေ့ရကြောင်း၊ အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာ တစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင်အနည်းဆုံး ၂ ဧက စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အိမ်ဝင်း၊ လမ်းဘေးများတွင်လည်း စိုက်ရန်လိုကြောင်း၊ မြို့၊ ရွာများအလိုက် သစ်တောသစ်ပင် စိုက်ပျိုးရန်မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုတည်းသာမက အခြားဝန်ကြီးဌာနများနှင့် ဒေသခံပြည်သူလူထုတို့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာလျှင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်လျှော့ချရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရာသီဥတု ပြင်းထန်သည့်ကာလများ၌ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးအားနည်းသူများအနေဖြင့် အပူဒဏ် ရှောင်နိုင်ရေးအတွက် အပူဒဏ်ကိုခံနိုင်မည့် အဆောက်အဦများ ဆောက်လုပ်ဆောင်ရွက်နိုင်ကြောင်း၊ ဥပမာအားဖြင့် လူဦးရေအများအပြား ဝင်ရောက်နိုင်ပြီး အေးချမ်းစွာခေတ္တနားခိုနိုင်မည့် အတွင်းလိုဏ်ပါစေတီပုထိုးများ တည်ထားကိုးကွယ်ခြင်းအားဖြင့် ကုသိုလ်လည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ နေရောင်ခြည်ကိုအသုံးချ၍ ဆိုလာစွမ်းအင်သုံး လေအေးပေးစနစ်များ တပ်ဆင်ခြင်းဖြင့်လည်း အပူဒဏ်ကို ကျော်လွှားနိုင်မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဒေသ၏ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားရန်နှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများ၊ မူဝါဒများကို ရှင်းလင်းပြောကြားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် လည်ပတ်ဆောင်ရွက်ရပြီး ၎င်းမောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် အဓိကအကျဆုံးဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာလျှင် နိုင်ငံရေးနှင့် ကာကွယ်ရေးမောင်းနှင်အားများလည်း ကောင်းလာနိုင်မည်ဖြစ်ကြောင်း။
မကွေးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာရှိပြီး ဝါ၊ မြေပဲနှင့် နှမ်းတို့ကို အဓိကထား စိုက်ပျိုးကြသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းတွင် သီးထပ်စွမ်းအားနှင့် သီးညှပ်စွမ်းအားဟူ၍ရှိကြောင်း၊ သီးထပ်စွမ်းအားသည် စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတိုးတက်စေကြောင်း၊ စပါးစိုက်ပျိုးသည့် လယ်မြေများ၌ သီးထပ်စွမ်းအားများကို မြှင့်တင်နိုင်အောင်ဆောင်ရွက်ကြရန်လိုပြီး အထွက်နှုန်း တိုးတက်စေရေးအတွက်လည်း စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ အခြေခံအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်များ လိုအပ်ကြောင်း၊ မျိုးကောင်း မျိုးသန့်ဖြစ်ရန်၊ မြေကောင်းမွန်ရန်နှင့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ ပြည့်ဝစွာထည့်သွင်းရန်၊ စိုက်ပျိုးရေ၊ အောင်ရေကောင်းစွာရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုကြောင်း၊ စိုက်ပျိုးမြေများ ရေရရှိရေးအတွက်ရှိပြီးဖြစ်သည့် ဧရာဝတီမြစ်ကိုလည်း စနစ်တကျဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်ရာ၌ နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကို ဒေသအလိုက်ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက မကွေးတိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ဧရာဝတီမြစ်ဘေးနေရာများ၌ရှိရာ ဧရာဝတီမြစ်ရေကိုအခြေခံသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအထွက်နှုန်းနှင့် ပတ်သက်၍လည်း ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရန်လိုအပ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ ဆီထွက်သီးနှံများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မကွေးတိုင်းဒေသကြီးအနေဖြင့် ဆီထွက်သီးနှံမှရရှိသည့် ဝင်ငွေများစွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဝါသီးနှံစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း အားပေးဆောင်ရွက်ကြရန်လိုပြီး ဝါထွက်ကုန် ကိုအခြေခံသည့် စက်မှုလုပ်ငန်းများ၊ အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သီးနှံများစိုက်ပျိုးမှုကို Crop Pattern ဖြင့် ဆောင်ရွက်နိုင်သဖြင့် တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍လည်း မကွေးတိုင်းဒေသကြီးအတွင်း အောင်မြင်ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်းဖြစ်ထွန်းသည့် ဆိတ်မွေးမြူရေးကိုလည်း ဆောင်ရွက်နိုင်ပြီး မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူသည့် ထိန်စန်းဆိတ်မျိုးသည် အသားထွက်နှုန်းကောင်းမွန်သည်ကိုတွေ့ရကြောင်း၊ ဥစားကြက်၊ အသားစား ကြက်၊ ဝက်၊ နွား မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသနှင့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ရာတွင် ပညာတတ်လူသားအရင်း အမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။
ပညာရည်မြင့်မားရေးနှင့် အသိပညာပေါကြွယ်ဝစေရေး
မကွေးတိုင်းဒေသကြီးအတွင်း တန်းစဉ်ကူးပြောင်းမှုများအားနည်းပြီး အတန်းပညာတတ်မြောက်မှုများ အားနည်းနေသေးသည်ကို တွေ့ရှိရကြောင်း၊ တန်းစဉ်ကူးပြောင်းမှုတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေမှုများမရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ဒေသ၏ အနာဂတ်ကောင်းမွန်စေရေးအတွက် ပညာရေးကို အလေးပေးဆောင်ရွက်ကြစေလိုပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပညာရေးသည်လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အာဃာတတရားများ၊ အငြိုးအတေးများ မရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာသင်ကြားရေးအတွက်လည်း အားပေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဘဝတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိခြင်းသည် ဒေသအလိုက်၊ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာဖြစ်သဖြင့် ဒေသခံများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ကလေးငယ်များ၏ အနာဂတ်ကောင်းမွန်ရေးအတွက် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ကြရန်လိုပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
အသိပညာ၊ အတတ်ပညာများကြွယ်ဝသည့် ပညာတတ်များပေါကြွယ်ဝမှသာလျှင် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အသိပညာအားနည်းပါက ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ကျောင်းနေပညာရေးကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာများ တိုးပွားစေရေးအတွက်လည်း နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အဓိကကျကြောင်း၊ အနည်းဆုံး အလယ်တန်းကျောင်းများအားလုံး၊ ကျေးရွာအုပ်စုများအားလုံး၌ စာကြည့်တိုက်ထားရှိနိုင်ရေး မူဝါဒချမှတ်ပေးထားပြီး တတ်နိုင်သူများ အနေဖြင့်လည်း ဝိုင်းဝန်းကူညီပံ့ပိုးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ဒေသနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး
ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်ကိုလည်း စနစ်တကျဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိန်းကျောင်း၍ အသိတရား၊ သတိတရားများဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မှသာလျှင် ဒေသအလိုက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရန် တာဝန်ရှိသည်ဖြစ်သဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အာဏာတည်စေခဲ့ပြီးဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး လက်ရှိတွင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း၊ သတ်မှတ်အသက်အရွယ် အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားကိုသာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်ဥပဒေကို သေချာစွာလေ့လာခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် သတင်းမှားများ၊ ထင်မြင်သုံးသပ်ချက်များအပေါ်တွင် အခြေခံ၍ သွေးထိုးလှုံ့ဆော်နေသည်များ ရှိသည့်အတွက် ဌာနဆိုင်ရာများအနေဖြင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင်သိရှိနားလည်ရန်လိုအပ်ပြီး ပြည်သူများ အသိအမြင်မှန်များရရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း။
အချုပ်အားဖြင့်ဆိုရပါက မကွေးတိုင်းဒေသကြီးအနေဖြင့် ဧရာဝတီမြစ်ကိုအခြေခံ၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် စီမံချက်ကို ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်စေရေး ရှိပြီးသားအခြေခံကောင်းများကို အသုံးချ၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ်သိန်း ၂၈၀၀ နှင့် စာအုပ်၊ စာစောင် ၅၅၀၀ တို့ကို လွှဲအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
မင်းဘူးမြို့၊ သာသနာ့ဗိမာန်တော်ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် အဖွဲ့ဝင်များလိုက်ပါ၍ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် သာသနာ့ဗိမာန်တော်အတွင်း လှည့်လည်ကြည့်ရှုကြပြီး ဗိမာန်တော်အပေါ်ထပ်ရှိ ခန်းမဆောင်၌ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်နိုင်ဦးက သာသနာ့ဗိမာန်ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မင်းဘူးမြို့ ကျက်သရေဆောင် ရှင်ပင်စက္ကိန်းတဲ စေတီတော်သို့ ရောက်ရှိဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းကာ လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မကွေးမြို့ ကျက်သရေဆောင် မြသလွန်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကြပြီး မြသလွန်စေတီတော်မြတ်ကြီး သတ္တမအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်