ရန်ကုန် မေ ၂၆
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လှော်ကားရေဝေရေလဲဒေသ၌ သစ်ပင်များ စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ တက္ကသိုလ်အဝင်လမ်းအား ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှု၊ တက္ကသိုလ် မိုးလုံလေလုံအားကစားရုံ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန် လုပ်ငန်းများ၊ တက္ကသိုလ် - အေးရွာလေးလမ်းနှင့် အောင်ချမ်းသာရပ်ကွက် (၂) လမ်းထောင့်ရှိ ဆည်မြောင်းချောင်း ရေစီးရေလာ အခြေအနေ၊ တက္ကသိုလ်ဝင်း ပင်မ (၄) ထပ်ဆောင် အနောက်ရေစုကန် တူးဖော်ပြီးစီးမှု၊ တက္ကသိုလ်ဝင်း ပင်မ (၄) ထပ်ဆောင်ရှေ့ ရေကန်တူးဖော်ပြီးစီးမှု၊ ရေကန်ပတ်လည် မြေယာရှုခင်း ဆောင်ရွက်ထားမှု၊ ရေကန်အတွင်း လျှပ်စစ်ဓာတ်အား ၄၆ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်နှင့် အလှဆင်ရေပန်း တပ်ဆင်မောင်းနှင်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန် - ပုသိမ်လမ်းနှင့် ရန်ကုန် - ညောင်တုန်း လမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဘုရင့် နောင်တံတားအောက် ပန်းခြံတည်ဆောက်နေမှု၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်မြတ်စေတီ မင်္ဂလာကန်တော်တွင် RC Driving Pile အခြေပြု သံကူကွန်ကရစ်တံတား လူလျှောက်လမ်း တည်ဆောက်နေမှုနှင့် ကန်ဘေးအုတ်ရေမြောင်း တည်ဆောက်နေမှု၊ မိုးသည်းထန်စွာ ရွာသွန်းချိန် ရေကြီးရေလျှံမှု မဖြစ်စေရေး အင်းလျားကန်နှင့် ကန်တော်ကြီးတို့၏ ရေပမာဏ ထိန်းညှိဆောင်ရွက်နေမှု၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်း ရေမြောင်း ရေစီးရေလာ အခြေအနေနှင့် ဒဂုံမြို့နယ်ပြည်လမ်းရှိ ပြည်သူ့ဥယျာဉ်အတွင်း Poulownia အပင်များ ပြုစုစိုက်ပျိုးထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းဘေးရေမြောင်းများ စနစ်တကျ ဖောက်လုပ်ရေး၊ လမ်းညွှန်းအမှတ်အသားများ စနစ်တကျရေးဆွဲထားရှိရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ် စေရေး၊ တက္ကသိုလ်ဝင်းအတွင်း ရေဝပ်မှု မရှိစေရေးနှင့် ရေစီးရေလာကောင်မွန်စေရေး၊ မြေယာရှုခင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ပန်းခြံများအတွင်း သန့်ရှင်းသာယာလှပမှုရှိ စေရေးနှင့် မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရေးကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းများကိုမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်