၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက် မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် ထုတ်ပြန်သည့် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ရီမယ်(လ်)” (REMAL)သတင်း
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“ရီမယ်(လ်)”(REMAL)အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ရီမယ်(လ်)” (REMAL) သည် မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်ဘက်ရေမိုင် ၁၇၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၂၁၀ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်၊ မွန်ဂလမြို့ (Mongla) ၏ တောင်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်၊ ဆာဂါကျွန်း (Sagar Island) ၏ အရှေ့တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်၊ ဒီဂါမြို့ (Digha) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်နှင့် ကန်နင်းမြို့ (Canning) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL)၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL) သည် မြန်မာစံတော်ချိန် (၁၇:၃၀) နာရီတွင် မြောက်လတ္တီကျု ၂၀.၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၉.၂ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၈၁ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၅ နှုန်းခန့် ဖြစ်သည်။
နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL) သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ယနေ့ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏ အရှိန်ကြောင့် ယနေ့ညမှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင် မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL) ၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။
Credit>မိုးဇလ