၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက် မြန်မာစံတော်ချိန် (၂၃:၀၀) နာရီတွင်  ထုတ်ပြန်သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ရီမယ်(လ်)” (REMAL)သတင်း

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းရီမယ်(လ်)” (REMAL)အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)“ရီမယ်(လ်)”(REMAL)သည် မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၂၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ အနောက်တောင်ဘက် ရေမိုင် ၆၅ မိုင်ခန့်၊ မွန်ဂလမြို့ (Mongla) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း (Sagar Island) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၆၅ မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL)၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

 အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)သည် မြန်မာ စံတော်ချိန် (၂၁:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု ၂၁.၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၉.၂ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၇၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၇၀ နှုန်းခန့် ဖြစ်သည်။

 

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL) သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်း၏ အပြင်ဘက်ဆုံး အဝန်းအဝိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေဒေသများကို စတင်ဖြတ်ကျော်လျက်ရှိသည်။ မုန်တိုင်း၏ ဗဟိုချက်သည် ညသန်းခေါင်ယံအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

 

သတိပေးနှိုးဆော်ချက် 

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏ အရှိန်ကြောင့် ယနေ့ညမှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်။ 

 

အကြံပြုချက် 

သို့ဖြစ်ပါ၍ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။

Credit>မိုးဇလ