နေပြည်တော် မေ ၂၇
အာဆီယံ လူမှုသစ်တောဆိုင်ရာလုပ်ငန်းအဖွဲ့ (ASEAN Working Group on Social Forestry – AWGSF)၏ (၁၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်းကြင်းခန်းမ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ AWG-SF လုပ်ငန်းအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ AWG-SF အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူမှုသစ်တောကဏ္ဍတွင် အာဆီယံအသင်း၏ ပူးပေါင်းဆောင်ရွက်မှု အခြေခံရည်ရွယ်ချက်မှာ အာဆီယံဒေသအတွင်း သစ်တောထွက်ပစ္စည်းများထုတ်လုပ်မှု နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးနှင့် ဒေသတွင်း ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုကို မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုရန်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အဓိကရလဒ်အနေဖြင့် အာဆီယံဒေသအတွင်း သစ်တောဖုံးလွှမ်းသည့် မြေယာရှုခင်းများ၌ ဓလေ့ထုံးတမ်းအရ မြေပိုင်ဆိုင်မှုစနစ်များတွင် လွတ်လပ်သည့် ကြိုတင်အသိပေးတိုင်ပင်မှုနှင့် လူထုသဘောထားရယူခြင်း (Free, prior and informed consent - FPIC) ကို ကျင့်သုံးရေးအတွက် ရေးဆွဲထားသည့် လက်စွဲစာအုပ်အပေါ် အပြီးသတ်ဆွေးနွေးခြင်း၊ လူမှုသစ်တောကဏ္ဍတွင် အာဆီယံပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးက မိမိတို့နိုင်ငံအလိုက် လူမှုသစ်တော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ မူဝါဒနှင့် ဥပဒေများ၊ အလေ့အထကောင်းများနှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများကို တင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် သစ်တောကဏ္ဍဆိုင်ရာ ကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံများက လွတ်လပ်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်