ဂျေရုဆလင်၊ မေ  ၂၈

 

ဂါဇာဒေသတောင်ပိုင်းရှိ ဆေးရုံများတွင်  လောင်စာဆီပြတ်လပ်မှုကြောင့် လူနာများအား ကုသရေးအတွက် အခက်အခဲကြုံတွေ့နေရပြီး လူနာများ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ယနေ့ အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

 

ဂါဇာဒေသအတွင်း နယ်စပ်ဖြတ်ကျော်စခန်းများ ပိတ်ထားမှုကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ မဝင်ရောက်နိုင်ဘဲ လောင်စာဆီပြတ်လပ်နေသည်။ ခန်းယူနွတ်ဒေသရှိ နေဆာဆေးရုံတွင် လောင်စာဆီပြတ်လပ်မှုကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် ကလေးများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ဘဲ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ယင်းဆေးရုံအား ဟားမတ်စ်အဖွဲ့ဝင်များ ခိုအောင်းနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။ ဂါဇာဒေသတွင် လျှပ်စစ်မီးမရရှိသဖြင့် အောက်ဆီဂျင်ပေးသည့် စက်ကိရိယာများ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် လူနာရှစ်ဦးသေဆုံးခဲ့သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ