အေးမြင့်ဆွေ(ဆည်/ရေ)

 

တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ် ရေလှောင်တမံ စသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသော အသုံးအနှုန်းသည် အများစုအတွက်ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရ အသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။

 

ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အီသီယိုပီးယား၊ ဆူဒန်၊ ပါကစ္စတန် စသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် တည်ဆောက် အသုံးပြုလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)မှ ၁၉၉၅ ခုနှစ်တွင် မြေအောက်တမံ နည်းပညာမျှဝေ ခြင်းသင်တန်း ပို့ချခဲ့ဖူးကြောင်း သိရှိရပါသည်။ မြေအောက်တမံတည်ဆောက်မှုအား ၂၀၀၈ ခုနှစ် တွင် စတင်ခဲ့၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက် အကောင်အထည်ဖော်မှုများကိုမူ (၂၀၂၀-၂၀၂၁) ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အညာဒေသ သောက်သုံးရေ ဖူလုံမှုအတွက် များစွာ အကျိုးပြုလျက်ရှိပါသည်။

 

ထိုမြေအောက်တမံများနှင့် ပတ်သက်၍ ဆရာဦးအေးမြင့်(ညောင်တုန်း) စီစဉ်တင်ပြ ထုတ်ဝေသည့် ‘ကန်ထဲကရေ၊ သဲထဲကရေ စာအုပ်တွင် ပညာရှင်ဆရာကြီးများဖြစ်ကြသော ဦးအေးမြင့် (ညောင်တုန်း)၊ ဦးကျော်ဦး၊ ဦးသောင်းစိန်(ဘူမိဗေဒ အင်ဂျင်နီယာ)၊ ဦးအေးကို(NEPS)တို့၏ မြေအောက်တမံများအကြောင်း ပြည့်စုံစွာအသေးစိတ် ဖော်ပြထားသော ဆောင်းပါးများအား ဖတ်ရှုလေ့လာပြီး မှတ်သားမိသည်များကို အကျဉ်းချုပ် ထုတ်နုတ်ဖော်ပြပေးလိုပါသည်။ မြန်မာ့ရေအနာဂတ်အတွက် များစွာအကျိုးပြုသော ပညာရှင် ဆရာကြီးများ၏ စေတနာများကိုလည်း လေးစားဂါရဝပြုအပ်ပါသည်။

 

မြေအောက်တမံဆိုသည်မှာ

မြေအောက်တမံဆိုသည်မှာ ရေရှားပါးသော ဒေသရှိသဲချောင်းများတွင် သဲများအကြား၌ ရေကို သိုလှောင်ထားနိုင်ရန်အတွက် မြေအောက်ရေမစိမ့်နိုင်သည့်ကျောက်လွှာမှ ချောင်းကြမ်းပြင် အမြင့အထိ ချောင်းကို ကန့်လန့်ဖြတ်တည်ဆောက်ထား သောတမံ ဖြစ်ပါသည်။ တမံထိပ်သည်ချောင်းကြမ်းပြင်နှင့် တစ်ပြေးညီဖြစ်ပြီး တမံကိုယ်ထည်တစ်ခုလုံးမှာ မြေအောက်တွင်ရှိသောကြောင့် မြေအောက်တမံ (Underground Dam) ဟု ခေါ်ကြ ခြင်းဖြစ်ပါသည်။

 

မြေအောက်တမံတည်ဆောက်ခြင်း၏ ရည်ရွယ်ချက်

မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရာသီတွင် တောင်ကျရေများ တစ်ဟုန် ထိုးစီးဆင်းသော်လည်း နွေရာသီတွင် ရေမစီးတော့ဘဲ သဲပြင်များသာ ကျန်ရှိပါသည်။ ထိုများပြားသော သဲသောင်ပြင်များသည် ရေစုပ်ယူထားနိုင်စွမ်း ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိ ရှိကြသည်ဖြစ်ရာ မြေအောက်တမံများ တည်ဆောက်ခြင်းဖြင့် မိုးရေများ အလဟဿစီးဆင်းသွားခြင်းမရှိဘဲ သဲများအကြားတွင် ရေစုဆောင်း သိုလှောင်ထားနိုင်သည်။ မြေအောက်ရေ ကြွယ်ဝလာသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ လက်ယက်တွင်းများ၊ ကျေးရွာသုံးရေတွင်းများတွင် ရေမျက်နှာပြင်မြင့်တက်လာကာ သောက်သုံးရေ ဖူလုံလာမည်ဖြစ်ပါသည်။ သဘာဝ ပတ်ဝန်းကျင်စိုပြည်စိမ်းလန်းလာမည် ဖြစ်သည်။

 

မြေအောက်တမံ တည်ဆောက်ရန်နေရာရွေးချယ်ခြင်း

တည်ဆောက်ရန်နေရာ ရွေးချယ်ရာတွင် မိုးရာသီတွင် ရေစီးဆင်း၍ နွေရာသီ၌ ရေခန်းခြောက်သွားသော သဲချောင်းများပေါ်တွင် တည်ဆောက်ကြပါသည်။ တည်ဆောက်မည့်နေရာ၏ အထက်ဘက်တွင် လုံလောက်သော ရေဝေရေလဲဧရိယာရှိပြီး မြေအောက်ရေ ထုတ်ယူရန်အတွက် ရေအောင်းလွှာအတွင်း လုံလောက်သောရေ စီးဝင်မှုရှိသင့်ပါသည်။ ရေသိုလှောင်မည့် ရေအောင်းလွှာမြေထုသည် ရေစိမ့်ဝင် သိုလှောင်နိုင်စွမ်းမြင့်မားသည့် သဲမြေကြမ်း အမျိုးအစားဖြစ်သင့်ပါသည်။ တမံအောက်ခြေအား အောက်ခံရေမစိမ့်နိုင်သောအလွှာအထိ တည်ဆောက်ရသောကြောင့် အောက်ခံအလွှာသည် နက်လွန်းပါကလည်း တမံမြင့်၍ တည်ဆောက်စရိတ်များပြားနိုင်ပါသည်။ ကြီးမားသောချောင်းများတွင် အောက်ခံမြေသားများ၏ ဘူမိဗေဒစမ်းသပ်ချက်များ လိုအပ်ပါသည်။ ချောင်း၏ ကြမ်းခင်းလျှောစောက် (Bed Slope) သည်လည်း ပြေပြစ်သင့်ပါသည်။ ထို့အတူ သိုလှောင်ထားသည့် ရေများအား တိုက်ရိုက်အကျိုးရှိစွာ သုံးစွဲနိုင်ရန်အတွက် လူနေကျေးရွာများ၊ စိုက်ပျိုးခင်းများနှင့် အလှမ်းမဝေးလွန်းသည့် တည်နေရာလည်း ဖြစ်သင့်ပါသည်။

 

မြေအောက်တမံများ တည်ဆောက်ခြင်း

မြေအောက်တမံများအား တည်ဆောက်ရာတွင် ချောင်းအနေအထားနှင့် တည်ဆောက်စရိတ် ကုန်ကျခံနိုင်မှုပေါ်တွင် မူတည်၍ Sheet pile များ ရိုက်ခြင်း၊ ရေလုံပလတ်စတစ်၊ ရွှံ့စေးစသည်တို့ဖြင့် လွယ်ကူစွာ တည်ဆောက်နိုင်သကဲ့သို့ အုတ်၊ ကွန်ကရစ်၊ ကျောက်စီကွန်ကရစ် စသည်တို့ဖြင့် လည်း အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံရှိ တည်ဆောက်ပြီး မြေအောက်တမံများမှာ မြေသား တမံ၊ ကွန်ကရစ်နှင့် ကျောက်စီကွန်ကရစ် တမံများ စသည်ဖြင့်အမျိုးအစားစုံလင်စွာ တည်ရှိကြပါသည်။ အမြင့် ၁၀ ပေခန့်မှ ပေ ၆၀ ခန့်အထိ အရွယ်အစားအမျိုးမျိုး ရှိကြပါသည်။

 

မြေအောက်တမံတည်ဆောက်ရာတွင် မြေသားတမံဖြစ်ပါက အောက်ခြေရေမစိမ့်သောအလွှာအထိ အပေါ်ယံ သဲထုအား တူးဖော်ရှင်းလင်းကာ သုံးပေခန့် သပ်ကျင်းတူး၍ ရေမစိမ့်နိုင်သောမြေသား (Selected Soil) အား တမံဖို့ခြင်း နည်းစနစ်များနှင့်အညီ တည်ဆောက်နိုင်ပါသည်။ ထို့နောက် တမံအထက်ပိုင်းနှင့် အောက်ပိုင်းတွင် သဲမြေများအား တမံထိပ်အမြင့်အထိ ပြန်လည်ဖုံးအုပ်ပေးရပါမည်။

 

ထို့အတူ ကျောက်စီကွန်ကရစ်ဖြင့် တည်ဆောက်ခြင်းတွင်လည်း အောက်ခြေသပ်ကျင်းတူး၍ တမံကိုယ်ထည်အား ကျောက်စီကွန်ကရစ်များဖြင့် တည်ဆောက်ကြသည်။ အချို့တမံများတွင် ဘေးနံရံ နှစ်ဖက်အား ကျောက်စီကွန်ကရစ်နံရံများ တည်ဆောက်၍ အလယ်တွင် ကွန်ကရစ်သွန်းလောင်းခြင်း နည်းလမ်းဖြင့်လည်း တည်ဆောက်နိုင်ပါသည်။ တမံအမြင့်များပါက အောက်ခြေအမြင့် တစ်နေရာအထိ ကွန်ကရစ်တမံ တည်ဆောက်၍ ကျန်အပေါ် ပိုင်းများအား မြေသားဖြင့် ထပ်ဆင့်၍ မြေသားတမံ ပြုလုပ်ခြင်းဖြင့်လည်း တည်ဆောက်နိုင်ပါသည်။

 

မြေအောက်တမံများ တည်ဆောက်ရာတွင် တမံအထက်နှင့်အောက် (Upstream and Downstream) နှစ်ဖက်စလုံးသည် သဲမြေအတွင်း နစ်မြုပ်နေသောကြောင့် တမံကိုယ်ထည်ပေါ် ကျရောက်နေသာ ဖိအားများ (Active Pressure and Passive Pressure) များသည် မျှခြေနီးပါး ရှိနေပါသည်။ ထို့ကြောင့် တမံကိုယ်ထည် တည်မြဲမှု (Slope Stability) အတွက် များစွာစိုးရိမ်ဖွယ်မရှိဘဲ မတ်စောက်သော ဘေးလျှောစောက် (side slope) များအားလည်း အသုံးပြုနိုင်ပါသည်။ မြေသားတမံများတွင်အပေါ်ဘက်နှင့် အောက်ဘက် နှစ်ခုစလုံး (Upstream and Downstream)တွင် ဘေးလျှောစောက်အနည်းငယ်သာ ထည့်သွင်းတည်ဆောက်ကြပါသည်။ ကျောက်စီကွန်ကရစ် တမံများတွင် တမံအောက်ပိုင်း (Downstream)တွင်သာ ထည့်သွင်းကြပြီး ကျောက်စီနံရံနှင့် အတွင်း ဘက် ကွန်ကရစ်လောင်းသည့် တမံများတွင်မူ လျှောစောက်များ (side slope) မထည့်တော့ဘဲ ဒေါင်လိုက် (vertical) အနေအထားအတိုင်း တည်ဆောက်နိုင်ပါသည်။

 

ရွှံ့စေးများပေါ်တွင် ပလတ်စတစ်၊ တာလပတ် စသည်တို့ဖုံးအုပ်အသုံးပြု တည်ဆောက်ကြသော တမံငယ်များတွင် ပလတ်စတစ်၊ တာလပတ်တို့အား ချောင်းရေတွင်မျောလာသော သစ်ကိုင်းသစ်ချောင်း များထိုးမိခြင်းနှင့် ဆွေးမြည့်ခြင်းမှ ကာကွယ်ရန် အတွက် ယင်းတို့အပေါ်တွင် မြေစေးလွှာတစ်ထပ် ထပ်မံဖုံးအုပ် ပေးသင့်ပါသည်။

 

မြေအောက်တမံ၏ အားသာချက်၊ အားနည်းချက်များ

မြေအောက်တမံ၏ တည်ဆောက်မှုအားသာချက် များမှာ-

 တည်ဆောက်မှု နည်းပညာလွယ်ကူခြင်း

 တည်ဆောက်ရေးပစ္စည်းရရှိနိုင်မှု လွယ်ကူ ခြင်း

 တည်ဆောက်မှု ကုန်ကျစရိတ် သက်သာခြင်း

ထိန်းသိမ်းသန့်ရှင်းမှုလုပ်ငန်းများ ရှင်းလင်း လွယ်ကူခြင်း

ပြန်လည်ပြုပြင်ရန်လည်း လွယ်ကူခြင်း

တမံခိုင်မြဲမှု၊ တမံကျိုးပေါက်မှုတို့အတွက် စိုးရိမ်ဖွယ်မရှိခြင်း

 

မြေအောက်တမံ၏ ရေသိုလှောင်မှု အားသာချက်များမှာ-

မြေပေါ်တမံများကဲ့သို့ အငွေ့ပြန်ဆုံးရှုံးမှု မရှိခြင်း

သဲကြားတွင် သိုလှောင်ထားသောကြောင့် ရေစစ်ထားသကဲ့သို့ဖြစ်ကာ ရေထုညစ်ညမ်းမှု လျော့နည်းခြင်းနှင့် ကျန်းမာရေးအတွက် သင့်တော်သောရေများဖြစ်ခြင်း

ရေစိမ့်ယိုဆုံးရှုံးမှုနည်းပါးခြင်းနှင့် ရေအနည်း ငယ်ယိုစိမ့်ခြင်းကြောင့် ထိခိုက်မှုမရှိခြင်း

နုန်းတင်မှု နည်းပါးခြင်း

 

မြေအောက်တမံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အားသာချက်များမှာ-

မြေပေါ်တမံများကဲ့သို့ တမံအတွင်း နစ်မြုပ် ဧရိယာ (Basin Area) မရှိခြင်း

မြေပေါ်စီးဆင်းရေအား ထိခိုက်မှုမရှိသဖြင့် အောက်ဘက်မြစ်ချောင်းများအတွင်းသို့ စီးဝင်ရေ (Inflow) လျော့နည်းမှုမရှိခြင်း

မြစ်ချောင်းများ၏သက်စောင့်ရေ (Ecologic- al Flow)အား ထိခိုက်လျော့နည်းမှုမရှိခြင်း

သဲချောင်းကြမ်းပြင်အထိသာ ပိတ်ထားခြင်းဖြစ်၍ ရေနေသတ္တဝါများ၏ ရွှေ့ပြောင်းလမ်းကြောင်း (Migration Route) များအား ထိခိုက်မှုမရှိခြင်းနှင့် ဇီဝမျိုးကွဲများ (Bio diversity) ဆုံးရှုံးမှုမရှိခြင်း

မြေအောက်ရေမျက်နှာပြင် မြင့်လာခြင်းကြောင့် ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြည်၍ စိုက်ပျိုးဖြစ်ထွန်းစေခြင်း

 

အားနည်းချက်များတွင်မူ ရေသီးသန့်သိုလှောင်ခြင်းမဟုတ်ဘဲ သဲထုအတွင်း ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပျော်ဝင်ရေအားသာ ထိန်းသိမ်းရမှုကြောင့် မြေပေါ်တမံများနှင့် နှိုင်းယှဉ်လျှင် သိုလှောင်ပမာဏ လျော့နည်းမည်ဖြစ်သည်။ မြောင်းများဖြင့် ရေသွယ်ယူရန်ခက်ခဲမှုကြောင့် တမံမှအနည်းငယ် အလှမ်းဝေးသောနေရာများသို့ ရေကူနိုင်ရန် ခက်ခဲပါသည်။ ထိုအခက်အခဲအား သဲချောင်းတစ်လျှောက် မြေအောက်တမံအဆင့်ဆင့် တည်ဆောက်ခြင်း (Cascade of Underground Dam) ဖြင့် ဖြေရှင်း နိုင်မည်ဖြစ်ပါသည်။

 

ယခုအခါ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အညာဒေသ ရေသယံဇာတ ဖူလုံရေးအတွက် မြေအောက်တမံ တည်ဆောက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ နတ်မောက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်များအတွင်းရှိ သဲချောင်းများတွင် စုစုပေါင်း မြေအောက်တမံ ၂၁ ခု တည်ဆောက်ပြီးစီး၍ ကျေးရွာ ၆၆ ရွာမှ ဒေသခံပြည်သူ ၄၇၆၃၂ ဦးခန့်၏ နွေရာသီရေရှားပါးမှု အခက်အခဲများအား ဖြေရှင်းပေးလျက်ရှိပါသည်။

 

တည်ဆောက်ပြီး မြေအောက်တမံများ အနီးတွင်လည်း ရေတွင်းများတူး၍ ရေသိုလှောင် ထွက်ရှိမှုအား မှတ်တမ်းတင်ခြင်း၊ ရေအရည်အသွေး စမ်းသပ်လေ့လာခြင်းနှင့် သဲထုအတွင်း ရေစီးဆင်း သိုလှောင်မှု လေ့လာခြင်းများ ဆောင်ရွက်ခဲ့ရာ အောင်မြင်တိုးတက်မှုများအား တွေ့ရှိခဲ့ရပါသည်။ အချို့ သဲချောင်းများတွင် နွေရာသီ စိမ့်စမ်းရေထွက်ရှိ မှုများအားပင် ထိန်းသိမ်းသိုလှောင် ထားနိုင်ကြောင်း သိရှိရပါသည်။

 

ကျယ်ပြန့်ကြီးမားသော ချောင်းများတွင် ဌာနမှဆောင်ရွက်သကဲ့သို့ ချောင်းငယ်မြောင်းငယ်များတွင် ကျေးရွာအဖွဲ့အစည်းများမှလည်း တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သော နည်းပညာဖြစ်ပါသည်။ အားသာချက် အားနည်းချက်များအတွက် ဌာနမှကျွမ်းကျင်ပညာရှင်များ၏ ကွင်းဆင်းအကြံပေးချက်နှင့် နည်းပညာ အကူအညီများအား ရယူဆောင်ရွက်ပါက ပိုမိုထိရောက် အကျိုးရှိနိုင်မည်ဖြစ်ပါသည်။

 

အချုပ်အားဖြင့် မြေအောက်တမံနည်းပညာသည် ကမ္ဘာ့နိုင်ငံများတွင် အောင်မြင်သော ရေသိုလှောင်မှု နည်းပညာ ဖြစ်ပြီး မြန်မာ့အပူပိုင်းဒေသ သဲချောင်းများနှင့် အလွန်သင့်တော်ပါသည်။

 

ထို့ကြောင့် အပူပိုင်းရပ်ဝန်းဒေသတစ်ခုလုံးအား ရေတိုရေရှည် လွှမ်းမိုးခြုံငုံသည့် စီမံကိန်းအဖြစ် အကောင်အထည်ဖော် တည်ဆောက်ခြင်း၊ အားသာချက် အားနည်းချက်များအား စောင့်ကြည့် မှတ်တမ်းတင်ခြင်းတို့ စနစ်တကျ ဆောင်ရွက်လျက်ရှိခြင်းသည် မြန်မာ့ရေသယံဇာတ စီမံထိန်းသိမ်းခြင်းအတွက် များစွာ အကျိုးပြုသည့်လုပ်ငန်း ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။